MySport Myanmar

ဂက်ပိုအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်သန်း(၅၀)လောက် အလိုရှိနေတဲ့ PSV

လက်ရှိ ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး ကိုဒီဂက်ပိုကို မန်ချက်စတာယူနိုက်တက် အပါအဝင် ဥရောပ ကလပ်အသင်းများစွာကနေ အပြိုင် စိတ်ဝင်စားနေကြတာကြောင့် ဂက်ပိုရဲ့ကလပ် PSV အသင်းက ဂက်ပိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် အနည်းဆုံး ပေါင်သန်း(၅၀)လောက်နဲ့ ရောင်းချသွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမားလေး ဂက်ပိုဟာ နယ်သာလန်ရဲ့ ၂၀၂၂ကမ္ဘာ့ဖလားပွဲစဉ်(၄)ပွဲလုံး ပွဲထွက်ကစားသမားအဖြစ်နဲ့ ပါဝင်ထားခဲ့ရပြီး အမေရိကန်ကို အနိုင်ရခဲ့တဲ့ ရှုံးထွက်ပွဲစဉ်ကလွဲရင် ကျန်တဲ့ အုပ်စုပွဲအားလုံး ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားမစတင်ခင် ၂၀၂၂-၂၀၂၁ ဘောလုံးရာသီထဲမှာပင် PSV အသင်းအတွက် (၁၂)ဂိုးသွင်းပြီး (၁၄)ဂိုး ဖန်တီးထားနိုင်တဲ့အထိ တောက်ပြနေတဲ့ ဂက်ပိုကို လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းက အလိုအရှိဆုံး ဖြစ်နေသလို ရီးယဲလ်မက်ဒရစ်လို အသင်းကြီးတွေပါ ဂက်ပိုကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Chronicle Live

တကယ်တော့ ယူနိုက်တက်အသင်းဟာ ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်းမှာပဲ ဂက်ပိုနဲ့ အန်တိုနီ နှစ်ဦးလုံးကို တပြိုင်နက်တည်း စိတ်ဝင်စားခဲ့ရာကနေ အိုင်းယတ်စ်ရဲ့ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီကိုပဲ ခေါ်ယူဖို့ ဦးစားပေး ဆုံးဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာက တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုက အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့ပြီဖြစ်လို့ သူ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ဂက်ပိုကို ပြန်လည် စိတ်ဝင်စားလာခဲ့ပါတယ်။ ဂက်ပိုဟာ တောင်ပံတိုက်စစ်နဲ့ နောက်ချန်တိုက်စစ်နေရာတွေမှာသာ အဓိက ကစားတတ်သူ ဖြစ်ပေမယ့်လည်း သူရဲ့ တိုက်စစ်ပိုင်း ထက်မြက်မှုကြောင့် တိုက်စစ်မှူးအဖြစ်နဲ့ပါ ထားကစားရင်လည်း အဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ကတော့ ဂက်ပိုကို ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားချိန် လာမယ့် ဇန်နဝါရီ ဈေးကွက်အတွင်းမှာပဲ ခေါ်ယူသွားနိုင်ဖို့အတွက် စတင် လုပ်ဆောင်နေပြီ ဖြစ်သလို ယူနိုက်တက်ကို ကိုင်တွယ်နေတဲ့ ဒတ်ချ်လူမျိုး နည်းပြအဲရစ်တန်ဟက်ဂ်နဲ့ ဂက်ပိုတို့က အေးဂျင့်လည်း တူညီနေတာကြောင့် အပြောင်းအရွှေ့က ဖြစ်လာနိုင်ခြေလည်း ပိုများနေပါတယ်။ ဂက်ပိုဟာ PSV အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိပေမယ့်လည်း PSV ဘက်ကတော့ သူတို့ အလိုရှိတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ရရှိမယ်ဆိုရင် ဂက်ပိုကို စွန့်လွတ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version