မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းကို ရောက်လာချင်းကနေ လက်ရှိအချိန်ထိ အသင်းအတွက် အကျိုးအပြုဆုံး ကစားသမားအဖြစ် ရပ်တည်လို့နေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သစ်ထပ်မံချုပ်ဆိုသွားဖို့ စီစဉ်လျက်ရှိနေတယ်လို့ နာမည်ကျော် ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပြီး ယူနိုက်တက်က သူတို့ရဲ့ကြယ်ပွင့်ကစားသမားရဲ့ တစ်ပတ်လုပ်ခကိုလည်း နှစ်ဆနီးပါးလောက်အထိ တိုးမြှင့်ပေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Old Trafford Faithful

အသက်(၂၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ရာသီဝက်မှ ယူနိုက်တက်အသင်းဆီကို စပို့တင်းလစ္စဘွန်းအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၄၇)သန်း (၅)နှစ်စာချုပ်နဲ့ ချုပ်ဆိုလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခကို ပေါင်(၁)သိန်းဝန်းကျင်ခန့်လောက်သာ ရရှိလို့နေပြီး ဒီပမာဏဟာ အသင်းရဲ့ ဒုတိယဦးစားပေးဂိုးသမား ဒင်းဟန်ဒါဆန်နဲ့ အသင်းမှာ နေရာပျောက်ဆုံးလို့နေတဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်တို့ရဲ့ လစာပမာဏတွေနဲ့တောင် တူညီလို့နေပါတယ်။

Photo Credit : Planet Football

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာပြီးနောက်ပိုင်းကတည်းက အသင်းအတွက် အရေးပါဆုံး ကစားသမားအဖြစ် ရပ်တည်လို့နေပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၃၇)ပွဲအတွင်း သွင်းဂိုး(၂၂)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁၄)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်မရောက်လာခင် အမှတ်ပေးဇယားရဲ့ အလယ်နားလောက်မှာ ရောက်ရှိနေတာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့လည်း အမှတ်ကွာဟချက်ကလည်း ကြီးမားလို့နေပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်က အသင်းကို ရောက်ရှိလာချိန်မှာလည်း အသင်းရဲ့လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို အကောင်းဆုံးဖြည့်တင်းလိုက်သလို အသင်းက ရလဒ်တွေ တောက်လျှောက်ကောင်းမွန်လာခဲ့ကာ အသင်းကလည်း ရာသီအကုန်မှာ အဆင့်(၃)နဲ့ ရာသီသိမ်းကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်ဟာ ဒီရာသီမှာလည်း အသင်းရဲ့ အဓိက ကစားသမားအဖြစ်နဲ့ ယူနိုက်တက်အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနေတာကြောင့် အသင်းဘက်ကနေ သူရဲ့လုပ်ခလစာကို (၂)သိန်းအထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုသွားဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ ဖာနန်ဒက်စ်ကို ရီးရဲလ်မက်ဒရစ် ဘာစီလိုနာအသင်းတို့ကလည်း ပစ်မှတ်ထားနေကြဖြစ်လို့ ယူနိုက်တက်ဘက်ကနေ ဖာနန်ဒက်စ်ကို အခုလို သက်တမ်းတိုးမြှင့်ထားချင်ရတာလည်းဖြစ်ပါတယ်။