အင်တာမီလန်အသင်းကတော့ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှုတစ်ခုအဖြစ် သူတို့အသင်းကနေ အလိုမရှိတော့တဲ့ တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်နဲ့ ကစားသမားချင်း အလဲအလှယ်ပြုလုပ်မယ့် ကမ်းလှမ်းချက်ပုံစံမျိုးနဲ့ ယူနိုက်တက်အသင်းဘက်ကို ကမ်းလှမ်းမှုပြုလုပ်လာဖွယ် ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အင်တာနည်းပြ အန်တိုနီယိုကွန်တီက ယူနိုက်တက်ကနေ အငှားခေါ်ယူထားတဲ့ တစ်ရာသီအငှားနဲ့ ခေါ်ယူထားတဲ့ ဆန်းချက်ဇ်ကို လတ်တလောပြသနေတဲ့ ခြေစွမ်းတွေကြောင့် အသင်းမှာ အပြီးခေါ်ယူထားချင်နေပြီး ပြောင်းရွှေ့ကြေးတစ်စုံတစ်ရာနဲ့ ခေါ်ယူတာထက် ဘိုင်ယန်မြူးနစ်ကနေ အငှားစာချုပ်ပြည့်မြောက်လို့ အင်တာအသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဝါရင့်ခရိုအေးရှား တောင်ပံကစားသမား ပါရီဆစ်နဲ့ လဲလှယ်သွားချင်နေတာဖြစ်ပါတယ်။ အီတလီမီဒီယာတွေရဲ့ပြောဆိုချက်တွေအရ အင်တာဘက်ကနေ ဒီကမ်းလှမ်းမှုနဲ့ပင် ကမ်းလှမ်းခဲ့တယ်လို့တောင် ဖော်ပြထားခဲ့ပါသေးတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းကတော့ တစ်ပတ်လုပ်ခ ပေါင်(၅)သိန်းထိ ပေးချေနေရပြီး အသင်းအတွက် ဘာမှခြေစွမ်းကောင်းတွေ မပြသထားနိုင်ခဲ့တဲ့ ဆန်းချက်ဇ်ကို အငှားစာချုပ်ပြည့်မြောက်သွားချိန်မှာတောင် အသင်းဆီ ပြန်လည်မခေါ်ယူချင်တော့ပဲ အပြီးသတ်ရောင်းချသွားချင်နေပါတယ်။ ဒီနည်းတူပဲ အင်တာမီလန်အသင်းကလည်း ဘိုင်ယန်အသင်းဆီ တစ်ရာသီအငှားချထားတဲ့ ပါရီဆစ်ကို အသင်းမှာ ဆက်လက်မထိန်းသိမ်းထားချင်တော့ပဲ အသင်းကနေ အပြီးသတ်ရောင်းချချင်နေတာကြောင့် ဒီကစားသမားနှစ်ယောက်အတွက် ပြောင်းရွှေ့ကြေးတွေ မပါဝင်ပဲ အပြီးသတ်လဲလှယ်ဖို့ကို အင်တာဘက်ကနေ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကလည်း ယခင်ကတည်းက ပါရီဆစ်ကို အတော်လေးကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အသင်းမှာ မော်ရင်ဟိုနည်းပြအဖြစ် ကိုင်တွယ်ခဲ့စဉ်က ပါရီဆစ်ဟာ ယူနိုက်တက်ကို ရောက်ရှိဖို့ အလွန်နီးစပ်ခဲ့ပါသေးတယ်။ လက်ရှိမှာလည်း မော်ရင်ဟိုကိုင်တွယ်နေတဲ့ စပါးအသင်းကလည်း ပါရီဆစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်နဲ့အင်တာတို့ကြား အလဲအလှယ်မဖြစ်ခဲ့ရင်တော့ စပါးအသင်းဆီကိုပဲ ရောင်းချဖွယ်ရှိနေပါတယ်။