မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီကို စာချုပ်သက်တမ်း မတိုးမြှင့်နိုင်ပဲ အသင်းကနေ လက်လွတ်လိုက်ရမယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ဖရန့်ဖတ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား အန်ဒရီဆေးဗားကို ပစ်မှတ်ထားလို့နေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးကြီး ကာဗာနီဟာ ပြီးခဲ့တဲ့နွေစျေးကွက်ကမှ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ယူနိုက်တက်ကစားသမားဘဝအစမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ(၇)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းအတွက် အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ကာဗာနီကို ခေါ်ယူခဲ့စဉ်တုန်းက (၁)နှစ်စာချုပ်နဲ့ အပိုထပ်တိုး(၁)နှစ် စာချုပ်ပုံစံနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တကယ်လို့ အသင်းဘက်ကနေ ကာဗာနီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ မလွယ်ကူနိုင်တော့ရင်တော့ သူရဲ့နေရာအတွက် ဆေးဗားကို ခေါ်ယူသွားမှာဖြစ်ပါတယ်။

Photo Credit : Bolalob

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား အန်ဒရီဆေးဗားဟာ လက်ရှိ ဖရန့်ဖတ်အသင်းမှာ အထူးခြေစွမ်းပြသနေသူဖြစ်ပြီး သူ့ကို ယူနိုက်တက်နဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ဆေးဗားက ဖရန့်ဖတ်အသင်းအတွက် ဘွန်ဒစ်လီဂါသွင်းဂိုး (၁၈)ဂိုးအထိကို သွင်းယူထားခဲ့ပြီး ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာလည်း လီဝန်ဒေါစကီးရဲ့နောက် ဒုတိယနေရာကနေ ရပ်တည်လို့နေပါတယ်။ ဖရန့်ဖတ်အသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို အသင်းမှာပဲ ဆက်ထိန်းထားချင်နေပေမယ့် ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်မှာ သွားရောက်ကစားချင်နေသလို ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ ပြန်လည်ခေါ်ယူထားခဲ့တဲ့ ဆာဘီးယားတိုက်စစ်မှူး လူကာယိုဗစ်ကို အပြီးသတ်ပြန်ခေါ်ယူဖို့အတွက်လည်း အသုံးစရိတ် လိုအပ်နေတာကြောင့် ဆေးဗားကို ရောင်းချလာနိုင်ပါတယ်။ ဆေးဗားရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်ကလည်း ယူနိုက်တက်အသင်းနဲ့ ကစားသမား ခေါ်ယူရောင်းချမှုပေါင်းများစွာ လုပ်ဆောင်ခဲ့ဖူးသူဖြစ်လို့ တကယ်လို့ ကာဗာနီနဲ့ ယူနိုက်တက်သာ လက်တွဲဖြုတ်ဖြစ်မယ်ဆိုရင် သူ့နေရာကို ဆေးဗား အစားထိုးဝင်ရောက်လာဖွယ် ရှိနေရပါတယ်။