ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ဝုလ်ဗ်အသင်းရဲ့ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်ဇ်ကို ခေါ်ယူသွားနိုင်ဖို့အတွက် အပြိုင်ကမ်းလှမ်းကြဖွယ် ရှိလို့နေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းကြီး တစ်သင်းသင်းဆီမှာ ပါဝင်ကစားဖို့ စိတ်ဝင်စားမှု ရှိနေတဲ့အတွက် နေးဗက်စ်ရဲ့ အပြောင်းအရွှေ့က စိတ်ဝင်စားဖွယ် ဖြစ်လာနိုင်ပါတယ်။

Photo Credit : Planet Football

အသက်(၂၄)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမားဖြစ်တဲ့ နေးဗက်စ်ဟာ ဝုလ်ဗ်အသင်းကို ၂၀၁ရခုနှစ်ကတည်းက ပေါ်တူဂီ ထိပ်တန်းကလပ် ပေါ်တိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေ အခုထိ ဝုလ်ဗ်ရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်လို့နေပါတယ်။ ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်ခံစစ်ပိုင်းတွေမှာ ပါဝင်ကစားနိုင်တဲ့ နေးဗက်စ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလျက် ရှိနေပြီး လတ်တလောမှာတော့ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့က နေးဗက်ဇ်ကို အလိုအရှိဆုံး ကလပ်အသင်းတွေအဖြစ် ရပ်တည်နေကြပါတယ်။

Photo Credit : The Sun

ဒီနှစ်ရာသီမှာ ရော်နယ်လ်ဒို ဆန်ချို ဗာရန်းတို့ကို အားဖြည့်ထားခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ကွင်းလယ်ပိုင်း အထူးသဖြင့် ကွင်းလယ်ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် လိုက်ပ်ဇစ် ကွင်းလယ်လူ ဟိုက်ဒါရား မာဆေးလ် ကွင်းလယ်လူ ကာမာရာတို့ကို ပစ်မှတ်ထားနေသလို အသင်းရဲ့ ပစ်မှတ်ဟောင်းတစ်ဦးဖြစ်တဲ့ နေးဗက်ဇ်ကိုပါ ဆက်လက်ချိန်ရွှယ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာကလည်း ပေါ်တူဂီ ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒို ဖာနန်ဒက်စ်နဲ့ ဒါလော့တို့အပြင် ပေါ်တိုအသင်းဖော်ဟောင်း တဲလက်စ်ပါ ရှိနေတဲ့အတွက် ယူနိုက်တက်က နေးဗက်စ်အတွက် ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီရာသီ ကွင်းလယ်ပိုင်းမှာ အဓိက ကွင်းလယ်လူ ကန်တီ ဒဏ်ရာပြသာနာတွေ မကြာခဏ ရင်ဆိုင်နေရတဲ့ ချယ်လ်ဆီးအသင်းဟာလည်း နေးဗက်စ်ကို ယူနိုက်တက်နဲ့အပြိုင် ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိလို့နေတယ်လို့ သတင်းထွက်နေပေမယ့် ချယ်လ်ဆီးဘက်က ကွင်းလယ်ပိုင်းထက် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရမယ့် ဘင်ချီဝဲလ်ရဲ့ ဘယ်ခြမ်းခံစစ် နေရာအတွက်ကိုသာ ဦးစားပေး အားဖြည့်သွားဖွယ် ရှိနေပါတယ်။ လတ်တလောမှာ နေးဗက်စ်ကို လာမယ့် ဆောင်းစျေးကွက်အတွင်း ငွေသုံးကြမ်းဖွယ် ရှိနေတဲ့ နယူးကာဆယ်ကပါ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။