မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးဟောင်းကြီး လူးဝစ်ဆာဟာက ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းအတွက် မဖြစ်မနေ ခေါ်ယူသွားသင့်တဲ့ ကစားသမား(၂)ယောက်ရှိနေပြီး သူတို့တွေကတော့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်လို့နေပြီး အသင်းသစ်ရှာဖွေလို့နေတဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးဟောင်း အက်ဒီဆင်ကာဗာနီနဲ့ နာပိုလီအသင်းရဲ့ဆီနီဂေါနောက်ခံကစားသမား ကူလီဘလီတို့ဖြစ်ပြီး နှစ်ယောက်လုံးကို အရခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Mirror

ယူနိုက်တက်အသင်းဟာ အခုနွေစျေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားတစ်ယောက်ကိုမှ မခေါ်ယူရသေးတဲ့အပြင် အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူဖို့ကလည်း ခက်ခဲနေခဲ့ရတဲ့အတွက် ဆာဟာက ဆန်ချိုထက်စာရင် အသင်းအတွက် ပြောင်းရွှေ့ကြေးပိုင်းလည်း သုံးစရာမလိုအပ်ပဲ အသင်းရဲ့တိုက်စစ်အင်အားကို ပိုပြီးမြင့်မားလာစေနိုင်မယ့် ကာဗာနီကိုပဲ ဦးစားပေးကမ်းလှမ်းသင့်တယ်လို့ ဆာဟာက ပြောဆိုလာခဲ့ပါတယ်။ ဆာဟာက “မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနွေစျေးကွက်ထဲမှာ ကာဗာနီကို မခေါ်ယူခဲ့နိုင်ဘူးဆိုရင် အသင်းအတွက် နစ်နာမှုတစ်ခု ဖြစ်သွားရပါလိမ့်မယ်”

Photo Credit : Mirror

“ကျွန်တော့်အမြင်ရဆိုရင်တော့ ကာဗာနီက ဒီနှစ်ထဲမှာလည်း ကြံခိုင်မှုကောင်းကောင်းနဲ့ ကစားနိုင်ဦးမှာပါ။ သူက သွင်းဂိုးတွေအတွက် အာရုံစူးရှမှုကောင်းမွန်သလို အသင်းကိုလည်း အကောင်းဆုံးဦးဆောင်သူလည်းဖြစ်ပါတယ်။ ဒီစျေးကွက်အတွင်းမှာ ဒီလိုအရည်အချင်းတွေ ပြည့်ဝနေတဲ့ တိုက်စစ်ကစားသမားတွေကို ရရှိနိုင်ဖို့က မလွယ်ပါဘူး” လို့ ပြောဆိုလာခဲ့သလို အသင်းရဲ့ခံစစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကိုလည်း ဆာဟာက “ကျွန်တော်က ဗစ်တာလင်ဒီလော့ဖ်ရဲ့အမာခံပရိသတ်ပါ။ သူက ဆီဗီလာနဲ့ပွဲမှာ အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်ဆိုပေမယ့် သူက ဒီရာသီမှာ ဟယ်ရီမက်ဂွိုင်းယားနဲ့ အကောင်းဆုံးအတွဲအဖက်တွေ ဖြစ်ခဲ့ပါတယ်။ တကယ်လို့သာ ယူနိုက်တက်ဘက်ကနေ ဗဟိုခံစစ်ကစားသမားတစ်ယောက်ကို အားဖြည့်ချင်တယ်ဆိုရင် ကူလီဘလီက အသင့်တော်ဆုံးပါပဲ။ ကျွန်တော်က ကူလီဘလီကိုလည်း အားပေးနေသူတစ်ယောက်ပါ။ သူက အားလည်းကောင်းတယ်။ ပြိုင်ဘက်ခံစစ်ကိုလည်း ခေါင်းတိုက်ဂိုးတွေနဲ့ ခြိမ်းခြောက်နိုင်စွမ်းလည်းရှိတယ်” လို့ပါ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ဂျုဗင်တပ်စ်အသင်းရဲ့တောင်ပံကစားသမား ဒေါက်ကလပ်ကော်စတာကိုလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။