ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ရာဖယ် ဗာရန်းကို ခေါ်ယူဖို့ အတွက် အသင်းရဲ့ ပေါ်တူဂီ လူငယ် ညာနောက်ခံလူ ဒါးလော့ကို အသုံးချဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဗာရန်းကတော့ စိန်ခေါ်မှုအသစ်တွေနဲ့သာ ရင်ဆိုင်ချင်နေပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူအပြီးမှာ ဗဟိုနောက်ခံလူ တဦးကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးစားလာပြီး ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ဗာရန်းဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

တဖက်မှာလည်း ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းက ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူဖို့ဟာ အခက်အခဲ တခု မဟုတ်ကြောင်း ၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗာရန်းရဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းရန်သာ လိုအပ်ကြောင်း နာမည်ကြီး သတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ထားပါတယ်။

Photo Credit: Metro

စပိန်လာလီဂါ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားမှုတွေ ပြုလုပ်နေပေမယ့် အကယ်၍ ဗာရန်းကသာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ရင် ဗာရန်းကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဗာရန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အထိ လိုချင်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဗာရန်းကို ခေါ်ယူချင်နေပေမယ့် ကွင်းလယ်လူ တဦးကို ထပ်မံ ခေါ်ယူဖို့ စီစဉ်နေတာကြောင့် ဗာရန်းအတွက် ပြောင်းရွှေ့ကြေးကို အတတ်နိုင်ဆုံး လျှော့ချချင်နေပြီး ရီးရဲလ် မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့ ပေါ်တူဂီ လူငယ် ညာနောက်ခံလူ ဒါးလော့ကို အလိုက်ပေးကာ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ဒါးလော့ + ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိရှိရပါတယ်။