ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နွေရာသီ အဓိက ပစ်မှတ် ဖြစ်သူ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကိုသာ မခေါ်နိုင်ခဲ့ရင် လက်စတာ စီးတီးရဲ့ ကွင်းလယ်လူ တိုင်လီမန်းကို အစားထိုး ခေါ်ယူဖို့ စဉ်းစားထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျာကော့ဘ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုအရ ဘာစီလိုနာရဲ့ ကြယ်ပွင့် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ယခု နွေဈေးကွက် တခုလုံး ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ဒီဂျောင်အတွက် ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရထားပေမယ့် ကစားသမားနဲ့ သဘောတူညီမှု ရဖို့တော့ ခက်ခဲနေပါတယ်။

Photo Credit: Mirror

နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဒီဂျောင်က ဘာစီလိုနာနဲ့ ကာလရှည် စာချုပ်တရပ် ရှိနေသေးသူ ဖြစ်ပြီး ဘာစီလိုနာက သူတို့ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း အထိ ရမယ့် ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းချဖို့ ဆုံးဖြတ်ထားပေမယ့် ဒီဂျောင်ကတော့ ဘာစီလိုနာမှာသာ ဆက်နေဖို့သာ စဉ်းစားနေသလို သူ့ကို ရောင်းချချင်ရင် သူ ရစရာ ရှိတဲ့ လုပ်ခလစာ အကြွေး ယူရို ၂၀သန်းကို ပေးချေဖို့ ဘာစီလိုနာထံ အသိပေးထားပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ မလွယ်ကူသေးပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ယခု နွေဈေးကွက် အတွင်းမှာ ပေါ့ဘာနဲ့ မာတစ်တို့လို အသင်းရဲ့ အဓိ ကွင်းလယ်လူတွေကို လက်လွှတ်ထားရတာကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေက ဒီဂျောင်ကို မခေါ်နိုင်ခဲ့ရင် အစားထိုး ခေါ်ယူမယ့် ကွင်းလယ်လူကို စတင် ရှာဖွေနေပြီး လက်စတာ စီးတီးကနေ ထွက်ခွာခွင့် ရထားတဲ့ တိုင်လီမန်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Mirror

အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုကွင်းလယ်လူ တိုင်လီမန်းက လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ကမ်းလှမ်းမှုကိုပါ ငြင်းဆန်ထားသူ ဖြစ်တာကြောင့် လက်စတာ စီးတီးက တိုင်လီမန်း အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး တိုင်လီမန်း ကိုယ်တိုင်ကလည်း ယခု နွေဈေးကွက် အတွင်းမှာ လက်စတာ စီးတီးကနေ ထွက်ခွာဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းထောက် ဂျာကော့ဘ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ မသေချာတော့တဲ့နောက် တိုင်လီမန်းအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပြီး တိုင်လီမန်းရဲ့ ပြောင်းရွှေ့ကြေး နည်းပါးမှုကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကို အဓိက ဆွဲဆောင်နေတဲ့ အချက်တခု ဖြစ်ကြောင်း သိရပါတယ်။