ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲတွေကို လုံးဝဝင်ရောက်ကစားရခြင်း မရှိသေးပဲ ယန်းဘွိုင်းစ်အသင်းကို အိုးထရက်ဖို်ဒ့်မှာ ဧည့်ခံကစားခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာသာ အသင်းအတွက် ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားလေး အာမတ်ဒီယာလိုဟာ လာမယ့်စျေးကွက်အတွင်းမှာ အသင်းကနေ အငှားနဲ့ ထွက်ခွာသွားဖို့ နီးစပ်လို့နေပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဥရောပ ကလပ်အသင်းများစွာက ဒီယာလိုကို အငှားနဲ့ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

Photo Credit : The Top Flight

အသက်(၁၉)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွှယ် အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမားလေး ဒီယာလိုဟာ ယူနိုက်တက်အသင်းဆီကို ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက စီးရီးအေကလပ် အတ္တလန်တာအသင်းဆီကနေ ပြောင်းရွှေ့ကြေး ပေါင်(၃၆)သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီယာလိုဟာ ယူနိုက်တက်စီနီယာအသင်းမှာထက် လူငယ်အသင်းမှာ ပါဝင်ကစားနေရသလို ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းကြီးအတွက် (၉)ပွဲနဲ့ အခုရာသီမှာလည်း ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်ကိုသာ ပါဝင်ထားခဲ့ရတာကြောင့် လာမယ့် ဆောင်းစျေးကွက်မှာ အသင်းကနေ ကာလတို အငှားစာချုပ်နဲ့ ထွက်ခွာဖွယ် ရှိနေပါတယ်။

Photo Credit : We All Follow United

ဘောလုံးသမား အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ ဆရာတစ်ဆူဖြစ်တဲ့ နာမည်ကျော် အီတလီလူမျိုး ဘောလုံးဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ ကလပ်အသင်း တော်တော်များမာျးက အာမတ်ဒီယာလိုကို လာမယ့် ဇန်နဝါရီ စျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေကြသလို ယူနိုက်တက်အသင်းနဲ့လည်း ညှိနှိုင်းဖို့အတွက် လုပ်ဆောင်နေကြတယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းကလည်း ဒီယာလိုကို နယ်သာလန် နာမည်ကြီး ကလပ်အသင်းဖြစ်တဲ့ ဖီယင်နုအသင်းကနေ အငှားနဲ့ ခေါ်ယူဖို့အတွက် အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ အပြီးမသတ်ခင်မှာ ဒီယာလိုက ဒဏ်ရာရရှိသွားခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီယာလိုဟာ သူရဲ့အမြန်နှုန်းနဲ့ ပြိုင်ဘက်နောက်ခံကစားသမားတွေ ကျော်ဖြတ်ရာမှာ ထင်ရှားလှသူ ဖြစ်သလို သူရဲ့ဘောလုံးစကေး ကြွယ်ဝမှုတွေကြောင့်လည်း အသက်ငယ်ငယ်ရွှယ်ရွှယ်နဲ့ ယူနိုက်တက်လို အသင်းမျိုးကို ရောက်ရှိလာခဲ့ရတာ ဖြစ်ပေမယ့်လည်း အခုလို ပွဲကစားခွင့် နည်းပါးနေမှုတွေက သူရဲ့ တိုးတတ်မှုကို အဟန့်အတား ဖြစ်စေတဲ့အတွက် သူကိုယ်တိုင်က သူ့ကို နေရာပုံမှန် ပေးနိုင်မယ့် ကလပ်အသင်း တစ်သင်းဆီကို ယာယီသဘောမျိုးနဲ့ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။