MySport Myanmar

ကင်မင်ဂျေးကို လက်လွှတ်ခဲ့ရပြီးနောက် မိုနာကိုခံစစ်မှူး ဒီဆာဆီကို ခေါ်ယူမယ့် မန်ယူ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ကင်မင်ဂျေးကို ဘိုင်ယန်မြူးနစ်ဆီ လက်လွှတ်ခဲ့ရပြီးနောက် အရန်ပစ်မှတ် ဖြစ်တဲ့ မိုနာကို ဗဟိုခံစစ်မှူး ဒီဆာဆီကို ခေါ်ယူရန် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဗဟိုခံစစ်မှာ မာတီနက်ဇ် ၊ ဗာရန်း ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ ဘိုင်လီ စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဘိုင်လီနဲ့ မက်ဂွိုင်းယားတို့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် သူတို့နှစ်ဦးရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေတာပါ။

Photo Credit: Euro Sports

ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်က နာပိုလီ ဗဟိုခံစစ်မှူး ကင်မင်ဂျေးကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၄၅သန်း ပေးချေကာ ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် ကင်မင်ဂျေးက ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ကင်မင်ဂျေးကို မရရင် ခေါ်ဖို့ လုပ်ထားတဲ့ လီဂူးဝမ်း နာမည်ကြီးကလပ် မိုနာကိုရဲ့ ဗဟိုခံစစ်မှူး ဒီဆာဆီကို ပြောင်းလဲ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ဒီဆာဆီက မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ကင်မင်ဂျေးကို လက်လွှတ်ခဲ့ရပြီးနောက် သူတို့ရဲ့ ဒုတိယပစ်မှတ် ဖြစ်သူ ဒီဆာဆီကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးစားနေပြီး ယူနိုက်တက်က ဒီဆာဆီကို မခေါ်နိုင်ခဲ့ရင် နိုက်စ်ရဲ့ ဗဟိုခံစစ်မှူး တော်ဒီဘိုးကို ပြောင်းလဲ ခေါ်ယူဖို့ပါ စီစဉ်ထားကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ ဒီဆာဆီက ညာခြေအားသန် ခံစစ်မှူး တဦး ဖြစ်ပြီး လျှောထိုး ဖျက်ထုတ်မှုတွေ ကောင်းသလို ပြိုင်ဘက်ရဲ့ တိုက်စစ်မှူးကို လူကပ် ကစားရာမှာ ထူးချွန်သူ ဖြစ်ကာ မိုနာကိုက သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

Exit mobile version