မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အဓိက ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့်လည်း အဆင်မပြေ ဖြစ်ခဲ့ရလို့ အသင်းကနေ လက်လွတ်လိုက်ရမယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အေစီမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆီးကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ စပိန်သတင်းစာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bein Sports

အသက်(၂၄)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်ဆီးဟာ အေစီမီလန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်သလို ဇလာတန်အီဗရာဟီမိုဗစ် ဒဏ်ရာရနေချိန်မှာလည်း မိုဗစ်ရဲ့ ပင်နယ်တီ ကန်သွင်းမှု တာဝန်တွေကိုပါ အကောင်းဆုံး လွဲပြောင်းရယူထားနိုင်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားကလည်း ဒီနှစ်ရာသီအကုန်မှာပဲ မီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး ကစားသမားဘက်က အသင်းနဲ့ သက်တမ်းတိုးဖို့အတွက် မတုံ့ပြန်ထားသေးတာကြောင့် သူ့ကို ယူနိုက်တက် အပါအဝင် အသင်းများစွာကနေ ပစ်မှတ်ထားနေရတာ ဖြစ်ပါတယ်။

Photo Credit : AC Milan News

ကွင်းလယ်ပိုင်း လုပ်အားနှုန်းကောင်းလှတဲ့ ကတ်ဆီးကို ပီအက်စ်ဂျီ ဘာစီလိုနာ လီဗာပူးလ် စပါးတို့လို ဥရောပ ထိပ်တန်းကလပ်အသင်းတွေကနေ ခေါ်ယူချင်နေပြီး ဒီနောက်ပိုင်းမှာတော့ ပေါ့ဘာကို အသင်းမှာ ဆက်ထိန်းထားဖို့ မရေမရာ ဖြစ်နေရတဲ့ ယူနိုက်တက်အသင်းကပါ ကတ်ဆီးကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ထပ်မံပါဝင်လာခဲ့ရပါတယ်။ ကတ်ဆီးကို ပစ်မှတ်ထားနေတဲ့ အသင်းတွေထဲကမှ ပီအက်စ်ဂျီ ဘာစီလိုနာအသင်းတွေက ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ပေါ့ဘာကိုပါ ချိန်ရွှယ်နေတာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပေါ့ဘာ ကတ်ဆီးတို့ထဲကမှ ပေါ့ဘာကိုသာ ရွေးချယ်ဖွယ် ရှိနေတာကြောင့် ယူနိုက်တက်ဘက်ကလည်း ကတ်ဆီးကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့သာ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ ကွင်းလယ်ပိုင်းအတွက် ကတ်ဆီးအပြင် ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ကိုပါ ချိန်ရွှယ်နေတာဖြစ်ပေမယ့်လည်း ကစားသမားအတွက် အသင်းဘက်ကနေ သတ်မှတ်ထားတဲ့ တန်ကြေးက ပေါင်သန်းတစ်ရာအထိ ရှိနေတာကြောင့် ကတ်ဆီးကိုသာ ပိုမိုပစ်မှတ်ထားနိုင်ဖွယ် ရှိနေပါတယ်။