ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လက်ကျန် နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားတာကြောင့် ဆဲလ်ဘက် တိုက်စစ်မှူး ဆက်စ်ကိုနဲ့ စတုဂတ် တိုက်စစ်မှူး ကာလာဒစ်ချ်တို့ နှစ်ဦးထဲက တဦးကို အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ၃ဦးတွဲ တိုက်စစ်နေရာ အတွက် ရိုနယ်ဒို ၊ မာရှယ် ၊ ရက်ဖို့ဒ် ၊ ဆန်ချို ၊ အီလန်ဂါ စတဲ့ စီနီယာ ကစားသမား ၅ဦးကိုသာ ပိုင်ဆိုင်ထားသလို ရိုနယ်ဒိုရဲ့ အနာဂတ်ကလည်း မရေရာတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ အထောင်တိုက်စစ်မှူး တဦးနဲ့ တောင်ပံတိုက်စစ် ကစားသမား တဦးတို့ကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က အထောင်တိုက်စစ် အတွက် ဆဲလ်ဘက်နဲ့အတူ တောက်ပနေတဲ့ ဆက်စ်ကိုကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားသလို တောင်ပံတိုက်စစ် အတွက် အေဂျက်ရဲ့ တိုက်စစ် ကစားသမား အန်တိုနီကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။

ဒါပေမယ့် ဆဲလ်ဘက်က သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုကို ယခု နွေဈေးကွက် အတွင်းမှာ လက်မလွှတ်လိုပဲ အကယ်၍ ဆစ်ကိုကို မဖြစ်မနေ ရောင်းချရရင်လည်း ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား လိုအပ်နေတာကြောင့် တိုက်စစ် ကစားသမား နှစ်ဦး အထိ ခေါ်ယူဖို့ လျာထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဆက်စ်ကိုအတွက် ဆဲလ်ဘက်ဘက်ကနေ တောင်းဆိုလာမယ့် ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ခက်ခဲနိုင်ပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဆိုင်မွန် ဂျုံးစ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဆက်စ်ကို အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် တဖက်မှာလည်း စတုဂတ် တိုက်စစ်မှူး ကာလာဒစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အကယ်၍ ဆက်စ်ကိုကိုသာ မခေါ်နိုင်ခဲ့ရင် ကာလာဒစ်ချ်ကို ပြောင်းလဲ ခေါ်ယူဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

စတုဂတ်ကတော့ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကာလာဒစ်ချ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၇သန်းသာ လိုချင်နေပြီး မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်မှူးနေရာ အတွက် ငွေကြေးများစွာ သုံးစွဲလိုခြင်း မရှိတာကြောင့် ကာလာဒစ်ချ်ဟာ ယူနိုက်တက် အတွက် အသင့်တော်ဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။