ဒေါ့မွန်အသင်း CEO ဝက်စ်ကီ (Watzke) ကတော့ ဆန်ချိုအနေနဲ့ မန်ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမဲ့ ဒေါ့မွန်အသင်းကနေ ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီကုန်မှာ ဒေါ့မွန် ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူနိုင်ချေ အရှိဆိုး အသင်း ဖြစ်ပြီး လီဗာပူးလ်အသင်း နဲ့ ချဲလ်ဆီးအသင်းကလည်း အပြိုင် စိတ်ဝင်စားနေကြပါတယ်။ ဆန်ချိုဟာ အင်္ဂလန်နိုင်ငံသား ဖြစ်ပြီး အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်စီးတီးအသင်းအတွက် ကစားခဲ့ဖူးတာကြောင့် အင်္ဂလန်မြေကို တစ်ကျော့ပြန် ပြန်သွားနိုင်ချေ ရှိနေပါတယ်။

Photo Credit: Sportskeeda

တောင်ပံကစားသမား ဆန်ချိုဟာ (၂၀၁၇) ခုနှစ်မှာ မန်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းသွားခဲ့ပြီး လက်ရှိမှာကတော့ အကောင်းဆုံး လူငယ် ကစားသမား တစ်ဦး ဖြစ်နေပါပြီ။ သူဟာ လက်ရှိရာသီမှာ ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂၂) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၁၄) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁၄) ကြိမ် ပြုလုပ်ထားပြီး အခရာ ကစားသမား ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ မန်ယူအသင်းအနေနဲ့ ဆန်ချိုအပေါ် စိတ်ဝင်စားနေတာကို သိနေပြီး ဒေါ့မွန် CEO ဝက်စ်ကီကတော့ ဆန်ချိုအနေနဲ့ အသင်းက ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Sportskeeda

ဒေါ့မွန် CEO ဝက်စ်ကီက “ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းမှာ အနာဂတ်ကောင်း ရှိတယ် ဆိုတာ ခံစားရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ သူ ဒေါ့မွန်အသင်းကနေ ထွက်သွားချင်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီကိစ္စက ငွေကြေးနဲ့တော့ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့အတွက်ကတော့ သူ့အနေနဲ့ အသင်းမှာ ဆက်နေသွားမယ် ဆိုရင် အကောင်းဆုံး ဖြစ်မှာပါ။ ကျွန်တေ်ာတို့မှာ ပိုက်ဆံ လုံလုံလောက်လောက် ရှိပါတယ်။ ကျွန်တော်တို့အသင်းက ဆုဖလားကို လိုချင်တာပါ။ ဒေါ့မွန်အသင်းက ဆန်ချို မပါတဲ့ ပွဲစဉ်မှာထက် ဆန်ချို ပါဝင်နေတဲ့ ပွဲစဉ်တွေမှာ ပို ကောင်းကြပါတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့က သူနဲ့ ဖြစ်ဖြစ်၊ သူ့ရဲ့ အေးဂျင့်နဲ့ ဖြစ်ဖြစ် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်”လို့ ပြောသွားတာ ဖြစ်ပါတယ်။