မန်ချက်စတာယူနိုက်တကအသင်းဟာ အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို ဒီနှစ်နွေစျေးကွက်အတွင်းမှာ အရခေါ်ယူသွားနိုင်ဖို့ အသည်းအသန်ကို ကြိုးပမ်းလျက်ရှိရာ ကမ်းလှမ်းမှုတိုင်းကို အကြိမ်ကြိမ် ပယ်ချခံထားရပေမယ့် လတ်တလောမှာတော့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့က အလားအလာအရမ်းကောင်းနေတဲ့အပြင် ဆန်ချိုကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ လာရောက်ကစားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : JuniperSport

အသက်(၂၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကို ဒေါ့မွန်အသင်းကနေ ရောင်းထုတ်သွားဖို့ ငြင်းဆန်ထားခဲ့ပြီး မဖြစ်မနေ ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးကို ပေါင်သန်းတစ်ရာကျော်လောက်ထိ ပေးချေရမယ်လို့ သတ်မှတ်ထားလို့ ယူနိုက်တက်ဘက်ကနေ ခေါ်ယူဖို့ ခက်ခဲခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဆန်ချိုကို လက်မလျှော့သေးပဲ ဆက်လက်ကြိုးစားလာခဲ့ရာ ဒီရက်ပိုင်းအတွင်းမှာပဲ အခြေအနေတွေက ပြန်လည်ကောင်းမွန်လာခဲ့ပြီး ယူနိုက်တက်နဲ့ ဆန်ချိုရဲ့ကြားမှာ လစာပိုင်းကို သဘောတူညီမှုပါ ရယူနိုင်ခဲ့ပါတယ်။

Photo Credit : PremierLeauge-news.com

ဒါ့အပြင် နော်ဝေအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Dagbladet ရဲ့ဖော်ပြချက်ထဲမှာလည်း ဆန်ချိုနဲ့ ဆိုးလ်ရှားတို့ စကားပြောဆိုဆွေးနွေးပြီးနောက် ဆန်ချိုကိုယ်တိုင်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာချင်တယ်လို့ ဆိုးလ်ရှားကို ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။ သတင်းအများစုရဲ့ ဖော်ပြချက်တွေမှာလည်း ယူနိုက်တက်ဟာ ဆန်ချိုကို တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းခွဲပေးချေသွားဖို့ကို သဘောတူညီခဲ့ပြီးနောက် ဒေါ့မွန်အသင်းဆီကိုလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၉၀)+ပေါင်(၁၈)သန်းနဲ့ ကမ်းလှမ်းထားခဲ့တယ်လို့ ဖော်ပြနေကြသလို နာမည်ကျော် အားကစားဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ရိုမာနိုပါ သူရဲ့တွစ်တာစာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့ပါတယ်။ လက်ရှိအနေအထားတွေအရ ယူနိုက်တက်နဲ့ ဆန်ချိုတို့ကြားမှာ အပြောင်းအရွှေ့ကိစ္စတွေအားလုံး သဘောတူညီမှုလုနီးပါး ဖြစ်နေပေမယ့် အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးပိုင်းဆိုင်ရာကိုပါ ညှိနှိုင်းရတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အေဂျက်စ်အသင်းရဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘိခ်တစ်ဦးတည်းကို ခေါ်ယူထားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ဘယ်နောက်ခံကစားသမား ဆာဂျီယိုရယ်ဂီလွန်ကိုလည်း ခေါ်ယူထားသွားဖို့ ပစ်မှတ်ထားလျက်ရှိနေပါတယ်။