မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားတိုးမြှင့်သွားဖို့အတွက် ဖရန့်ဖတ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား အန်ဒရီဆေးဗားကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက်ရှိနေတယ်လို့ ဂျာမန်အခြေစိုက် Sky Germany ကနေ ဖော်ပြလာခဲ့ပြီး ဆေးဗားကို အသက်လက်တီကိုမက်ဒရစ်အသင်းကပါ ယူနိုက်တက်နဲ့အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Firstportz

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား အန်ဒရီဆေးဗားဟာ လက်ရှိ ဘွန်ဒစ်လီဂါကလပ် ဖရန့်ဖတ်အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး ဆေးဗားဟာ ဒီရာသီအတွင်း သူရဲ့အသင်းအတွက် သွင်းဂိုးပေါင်း(၁၉)ဂိုး (ဘွန်ဒစ်လီဂါသွင်းဂိုး(၁၈)ဂိုး)အထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ပေါ်တိုလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အန်ဒရီဆေးဗားဟာ အေစီမီလန် ဆီဗီလာအသင်းတွေမှာပါ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ သူရဲ့ဖရန့်ဖတ်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသနေတာကြောင့် ယူနိုက်တက်နဲ့ အသက်လက်တီကိုအသင်းကပါ အပြိုင်ပစ်မှတ်ထားလာခဲ့တာဖြစ်တယ်လို့ Sky Germany ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : United in Focus

တိုက်စစ်မှူးဆေးဗားဟာ လက်ရှိမှာ ဘွန်ဒစ်လီဂါပြိုင်ပွဲအတွင်း သွင်းဂိုး(၁၈)ဂိုး သွင်းယူထားနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့နောက် (၇)ဂိုးအကွာနဲ့ ဒီရာသီရဲ့ သွင်းဂိုးအများဆုံးစာရင်းအတွင်း ဒုတိယနေရာကနေ ရပ်တည်လို့နေပါတယ်။ ဆေးဗားဟာ ဖရန့်ဖတ်အသင်း နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက် သွင်းဂိုးတွေ သွင်းယူထားခဲ့ပြီး အဲ့ဒီ(၄)ပွဲအတွင်းမှာ စုစုပေါင်း (၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေတဲ့ ဆေးဗားကို ယူနိုက်တက်အသင်းဘက်ကနေ အတော်လေးကို စိတ်ဝင်စားလာခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ဝန်းကျင်လောက်နဲ့ ခေါ်ယူသွားဖို့ကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။ ဖရန့်ဖတ်အသင်းကလည်း ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ ပြန်လည်ခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမား လူကာယိုဗစ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် ငွေကြေးပိုင်း လိုအပ်ချက်တွေ ရှိနေမှာဖြစ်လို့ ဆေးဗားကိုသာ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားရနိုင်ပါတယ်။