မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားဖြစ်တဲ့ အိုင်းယတ်စ် တောင်ပံတိုက်စစ်ကစားသမား အန်တိုနီက သူ့အနေနဲ့ သူရဲ့ဆရာဟောင်း အဲရစ်တန်ဟက်ဂ်နဲ့ ပြန်လည် လက်တွဲချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လက်ရှိကလပ် အိုင်းယတ်စ်အသင်းမှာသာ ပျော်ရွှင်နေပြီး အိုင်းယတ်စ်အတွက်ကိုသာ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : A Stamford Bridge Too Far

မန်ယူနိုက်တက်အသင်းဟာ နွေဈေးကွက်ထဲမှာ ကွင်းလယ်လူ ဖရန်ကီဒီယွန်းနဲ့ တောင်ပံကစားသမား အန်တိုနီတို့ကို အသင်းရဲ့ အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ထားခဲ့ပေမယ့် ဒီကစားသမားနှစ်ဦးလုံးကို ခေါ်ယူနိုင်ဖို့က လက်ရှိအချိန်ထိ ခက်ခဲလျက် ရှိနေပါတယ်။ ဒီလို အခြေအနေတွေ ရှိနေတဲ့အပြင် အန်တိုနီကိုယ်တိုင်ကလည်း ဆရာဟောင်း တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ မန်ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေသည့်တိုင်အောင် သူရဲ့ကလပ် အိုင်းယတ်စ်အတွက်ကိုသာ အာရုံစိုက်ထားပြီး အိုင်းယတ်စ်မှာ အရာရာ အဆင်ပြေနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာကြောင့် ယူနိုက်တက်အတွက် တကယ့်ကို huge blow ဖြစ်စေခဲ့ရပါတယ်။

Image

Photo Credit : Twitter

လတ်တလော ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ ကောလဟာလတွေနဲ့ ပတ်သတ်ပြီး အန်တိုနီက “တန်ဟက်ဂ်က ကျွန်တော့်ကို ခေါ်မှာလား။ ကျွန်တော် ဒါတော့ မသိဘူး။ သူက ကျွန်တော့်အေးဂျင့်တွေနဲ့ ဆွေးနွေးရလိမ့်မယ်။ ကျွန်တော်က ဒီအသင်းအတွက်ကို အာရုံစိုက်နေတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရလိမ့်မယ်။ ကျွန်တော် အိုင်းယတ်စ်မှာ အဆင်ပြေနေပါတယ်။ ကျွန်တော် ဒီကလပ်အသင်းအတွက် ကစားရတဲ့ မိနစ်တိုင်းမှာ အရာအားလုံးကို ပေးဆပ်နေပါတယ်။ ဒါကြောင့်လည်း ကျွန်တော် ဒီကလပ်နဲ့ ဒီမြို့ကို ချစ်ပါတယ်” လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ အိုင်းယတ်စ်ဘက်ကလည်း နွေဈေးကွက်ထဲမှာ အဓိက ကစားသမား အများအပြားကို ရောင်းချထားရတာဖြစ်လို့ အန်တိုနီလို key player တစ်ဦးကို ထပ်မံ မရောင်းထုတ်လိုတော့ပဲ မဖြစ်မနေ ရောင်းရမယ်ဆိုရင်တောင် အနည်းဆုံး ပေါင်သန်း(၈၀)လောက် တောင်းဆိုသွားဖို့ပါ ရှိနေရပါတယ်။ ဒါကြောင့် မန်ယူနိုက်တက်က အန်တိုနီအစား PSV တောင်ပံကစားသမား ဂက်ပိုနဲ့ ဝက်ဖို့ဒ်တောင်ပံကစားသမား အစ္စမိုင်လာဆားတို့ကိုသာ ဆက်လက် ပစ်မှတ်ထားနေရတာဖြစ်ပြီး ဈေးကွက်မပိတ်ခင်မှာပဲ ဒီကစားသမားထဲက တစ်ဦးဦးကို အရခေါ်ယူဖွယ် ရှိနေပါတယ်။