ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အားနည်းနေတဲ့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇက်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူဟာ ယခုနှစ် ဘောလုံးရာသီမှာ လိုက်ပ်ဇက်နဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်ရုံသာမက ကွင်းလယ်တိုက်စစ်နဲ့ ဘယ်တောင်ပံတိုက်စစ် ကစားသမား အဖြစ်ပါ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Bild

ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ တောင်ပံတိုက်စစ် ကစားသမား အဖြစ်သာ ကစားခဲ့တဲ့ အန်ကွန်ကူဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ လိုက်ပ်ဇက်ရဲ့ တိုက်စစ်မှူး လိုအပ်ချက်ကြောင့် အထောင်တိုက်စစ်မှူး အဖြစ် ပြောင်းလဲ ကစားခဲ့ရာမှ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး လိုက်ပ်ဇက် အတွက် ပြိုင်ပွဲစုံမှာ ၄၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၂ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂၀ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြလည်းဖြစ် အတိုင်ပင်ခံလည်း ဖြစ်တဲ့ ရက်ဖ် ရန်းဂ်နစ်က အန်ကွန်ကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အန်ကွန်ကူရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက ဆိုပါတယ်။

Photo Credit: Bild

Bild သတင်းဌာနရဲ့ အဆိုအရ အန်ကွန်ကူဟာ သူ့ရဲ့ ကစားသမားဘဝ နောက်တဆင့် မြင့်တက်နိုင်ဖို့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်းအသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေကာ လိုက်ပ်ဇက်က အန်ကွန်ကူ အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း အလိုရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ပီအက်စ်ဂျီ ၊ ဂျူဗင်တပ် စတဲ့ ဥရောပ အသင်းကြီးတွေက အန်ကွန်ကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အန်ကွန်ကူကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်းလည်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Witness သတင်းဌာနက ဖော်ပြထားပါတယ်။