ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၃၀၀သန်း အထိ သုံးစွဲပြီး သူတို့အသင်းကို ကြီးကြီးမားမား အင်အားဖြည့်တင်းဖို့ စီစဉ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Guardian သတင်းဌာနက ဖော်ပြလာပါတယ်။ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဒုတိယဆုတွေနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန် ထွက်သွားပြီး နောက်ပိုင်း ခြေစွမ်းပိုင်း တည်ငြိမ်မှု အကောင်းဆုံးနဲ့ လူကြီး ၊ လူငယ် ရောစပ်မှု အကောင်းဆုံးအသင်း ဖြစ်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တိုးတက်လာတဲ့ အနေအထားကို တစ်ဆင့် မြှင့်ချင်တာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို အကောင်းဆုံး အင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး လက်ရှိမှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ဗဟိုခံစစ်နေရာတို့ကို အဓိက အင်အားဖြည့်ဖို့ ရည်ရွယ်ထားကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။ Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံတိုက်စစ် ကစားသမား ဆန်ချို ၊ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ၊ ဗီလာရီးရဲလ်အသင်းရဲ့ ဗဟိုခံစစ် ကစားသမား တောရက်စ် ၊ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်တို့ကို နွေရာသီ ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Photo Credit: Standard

အဆိုပါ ကစားသမား ၄ဦး အနက် ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ရှိမယ်လို့ သတင်းကြီးခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိုဟာ ယူနိုက်တက်တို့ထံ အစောဆုံး ရောက်လာနိုင်တဲ့ ကစားသမား ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း (သို့) ၈၀သန်းခန့် အသုံးပြုရနိုင်ပါတယ်။ ဒုတိယမြောက် ရောက်လာနိုင်တဲ့ ကစားသမားကတော့ ဗီလာရီးရဲလ်အသင်းရဲ့ စပိန်လက်ရွေးစင် နောက်ခံလူ တောရက်စ် ဖြစ်ပြီး ဗီလာရီးရဲလ် အသင်းရဲ့ ဥက္ကဌ ကိုယ်တိုင်က တောရက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေနိုင်တဲ့ အသင်း ရှိပါက တောရက်စ်ကို ခေါ်ယူနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားကာ တောရက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ကတော့ ပေါင် ၅၆သန်းပဲ ဖြစ်ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ရှိနိုင်ချေ အနည်းဆုံး ကစားသမား ကတော့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟယ်ရီကိန်းအတွက် စပါးအသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်းကို ပေးချေနိုင်ပေမယ့် ဟယ်ရီကိန်းဟာ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် မန်ချက်စတာ စီးတီးအသင်း အနေနဲ့ ဟယ်ရီကိန်းကို မခေါ်ယူမှသာ ယူနိုက်တက်တို့ဟာ ဟယ်ရီကိန်းကို ရရှိဖွယ် ရှိပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ် ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် ကြိုးစားပါက ရောက်လာနိုင်တဲ့ ကစားသမား ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား ဖြစ်သူ လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် လင်ဂတ်နဲ့ ရိုက်စ်တို့ရဲ့ အလဲအထပ်ကို မြင်တွေ့ရနိုင်ကာ ယူနိုက်တက်အနေနဲ့ ရိုက်စ်အတွက် လင်ဂတ် + ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း (သို့) ၅၀သန်းခန့် ပေးချေရနိုင်ပါတယ်။

Photo Credit: Standard

အဆိုပါ ကစားသမား ၄ဦးစလုံးဟာ သက်ဆိုင်ရာ အသင်းတွေရဲ့ အဓိက ကစားသမားတွေ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်လာချိန်မှာ အသင်းရဲ့ ပွဲထွက် ကစားသမားတွေ ဖြစ်လာနိုင်ပြီး သူတို့တွေသာ ရောက်လာခဲ့ရင် ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းစ် ၊ မာတာ ၊ မာတစ် ၊ လင်ဒီလော့ဖ် ၊ တွမ်ဇီဘီတို့ဟာ အသင်းကနေ ထွက်ခွာရဖွယ် ရှိပါတယ်။ ကဲ ပရိသတ်တွေကရော ယူနိုက်တက် အနေနဲ့ ဘယ်ကစားသမားကို ဦးစားပေး ဝယ်ယူသင့်တယ်လို့ ထင်ကြလဲဗျ။ ဒါမှမဟုတ် မန်ချက်စတာ ယူနိုက်တက်အသင်းကို ဝယ်ယူစေချင်တဲ့ ကစားသမား ရှိနေရင်လည်း Comment မှာ ဝင်ရောက် ရေးသားခဲ့ကြပါဦး။ ကျွန်တော်တို့တွေ အတူတူ ဆွေးနွေးကြတာပေါ့။