ဒီနေ့ည မြန်မာစံတော်ချိ်န်ည (၇)နာရီအချိန် အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ကို အိမ်ရှင်ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ(ပွဲပယ်)နဲ့ ဗာရန်း(ဒဏ်ရာ)တို့ လွဲချော်ရမှာ ဖြစ်သလို အခု အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီပါ အရွတ်ဒဏ်ရာ ပြသာနာကြောင့် လွဲချော်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာ ဒဏ်ရာပြသာနာတချို့ကြောင့် အနားယူရတာဖြစ်ပြီး စပါးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာမှ တိုက်စစ်ပိုင်းမှာ ရော်နယ်လ်ဒိုနဲ့ တွဲဖက်ပြီး ပွဲထွက်လာခဲ့ရသလို သူရဲ့ဒီရာသီ ယူနိုက်တက်အသင်းအတွက် ပထမဆုံးသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကာဗာနီဟာ စပါးအသင်းနဲ့ ပွဲစဉ်အတွင်း မိနစ်(၈၀)ဝန်းကျင်လောက်မှာပဲ အရွတ်ဒဏ်ရာကို ခံစားခဲ့ရတာကြောင့် လင်ဂတ်နဲ့ လူစားလဲခဲ့ရသလို အတ္တလန်တာအသင်းနဲ့ ထပ်မံရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အသင်းအတွက် မိနစ်(၂၀)ဝန်းကျင်လေးကိုသာ လူစားဝင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Star

ဒီလို အခြေအနေရှိနေတဲ့ ကာဗာနီအနေနဲ့ ဒီအရွတ်ဒဏ်ရာ နာကျင်မှုကြောင့် မန်ချက်စတာဒါဘီပွဲစဉ်ကို မပါဝင်နိုင်မယ့် အနေအထားကို ရှိနေရတယ်လို့ ဥရုဂွေးသတင်းထောက် ရိုဒရီဂိုရိုမာနိုက ထုတ်ပြန်လာခဲ့ပါတယ်။ ကာဗာနီ အခြေအနေနဲ့ပတ်သက်ပြီး ရိုမာနိုက “သူ ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး။ သူရဲ့ အရွတ်ထဲမှာ ပြင်းပြင်းထန်ထန်ကို နာကျင်နေရတာ နှစ်ရက်ရှိနေပါပြီ။ ဒီအရွတ်ဒဏ်ရာက စပါးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ရဲ့ မိနစ်(၈၀)လောက်မှာ ခံစားခဲ့ရတာဖြစ်လို့ အတ္တလန်တာနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် မကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု သက်သာလာတဲ့ အခြေအနေဆိုပေမယ့် မန်ချက်စတာဒါဘီပွဲကိုတော့ ကစားနိုင်မယ် မထင်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ တကယ်လို့ ကာဗာနီ မပါဝင်လာနိုင်ဘူးဆိုရင် လက်ရှိ ဆိုးလ်ရှား အသုံးပြုနေတဲ့ ၃-၅-၂ လူစာရင်းရဲ့ တိုက်စစ်နေရာမှာ ရော်နယ်လ်ဒိုနဲ့ ရပ်ရှ်ဖိုဒ့်တို့ကို တွဲဖက်အသုံးပြုလာနိုင်ပြီး ကွင်းလယ်မှာ ပေါ့ဘာ မပါဝင်နိုင်တဲ့အတွက် ကွင်းလယ်(၃)ယောက်တန်းမှာ ဖာနန်ဒက်စ် တွမ်မီနေး ဖရက်ဒ်တို့ ပွဲထွက်လာနိုင်သလို ခံစစ်(၃)ဦးတန်းမှာလည်း မက်ဂွိုင်းရား ဘိုင်လီ လင်ဒီလော့တို့ကို ရွေးချယ်အသုံးပြုလာနိုင်ခြေ ရှိပါတယ်။