စပိန်နိုင်ငံ အခြေစိုက် သတင်းစာတွေရဲ့ ဖော်ပြချက်တွေအရ လာလီဂါ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဆီဆင်ကာဗာနီကို ရာသီဝက် အငှားစာချုပ်နဲ့ ခေါ်ယူကမ်းလှမ်းသွားချင်နေတယ်လို့ သိရှိရပြီး ကာဗာနီကိုယ်တိုင်ကလည်း အသင်းမှာ နေရာပျောက်ဆုံးနေတဲ့အတွက် အသင်းပြောင်းရွှေ့ဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ်။

Photo Credit : We All Follow United

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ မနှစ်ကမှ ပီအက်စ်ဂျီအသင်းကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ယူနိုက်တက်ဘက်က ဒီရာသီမှာ ကစားသမားဟောင်း ရော်နယ်လ်ဒိုကို အသင်းဆီ ပြန်လည်ခေါ်ယူထားသလို အသင်းရဲ့ တို်က်စစ်မှာလည်း ရော်နယ်လ်ဒိုကိုသာ နေရာပေးနေတာကြောင့် ကာဗာနီအနေနဲ့ သူရဲ့ကျောနံပါတ်ရော သူရဲ့ပွဲထွက်ကစားခွင့်တွေပါ ဆုံးရှုံးလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Football365

ကာဗာနီဟာ ယူနိုက်တက်အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးထားပေမယ့် ဒီနှစ်ဘောလုံးရာသီအတွင်း လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပြိုင်ပွဲစုံ(၃)ပွဲကိုသာ ပါဝင်ကစားထားရသေးပြီး အခုထိလည်း မိနစ်ပေါင်း (၆၂)မိနစ်လေးပဲ ကစားထားရသေးတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်နေရတဲ့ ကာဗာနီကို လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းကနေ လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေတာ ဖြစ်တယ်လို့ စပိန်သတင်းစာ El Nacional ကနေ ဖော်ပြလာခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ကာဗာနီကို နွေစျေးကွက်ကတည်းက ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့်လည်း ခေါ်ယူဖို့ အဆင်မပြေခဲ့တာကြောင့် ဇန်နဝါရီစျေးကွက်မှာ နောက်တစ်ကြိမ် ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီယန်းကိုပါ ပစ်မှတ်ထားနေတဲ့ ရီးယဲလ်အသင်းဟာ လတ်တလောမှာ အူဘာထက် ခေါ်ယူဖို့ ပို်အဆင်ပြေဖွယ် ရှိနိုင်တဲ့ ကာဗာနီကိုသာ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်လို့ထားပြီး ယူနိုက်တက်ကလည်း အထောင်တိုက်စစ်နေရာအတွက် ရော်နယ်လ်ဒိုနဲ့ မာစီယဲလ်တို့ကိုသာ ပိုမိုနေရာပေးဖွယ် ရှိနေတာကြောင့်ရော အသင်းရဲ့ လစာကိစ္စပိုင်း အဆင်ပြေဖို့အတွက်ပါ ကာဗာနီကို ရီးယဲလ်အသင်းဆီ ပို့ဆောင်နိုင်ဖွယ် ရှိနေပါတယ်။