ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညမှာ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူးကြီး ရိုနယ်ဒိုကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုဟာ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာခွင့် တောင်းခံခဲ့ပြီးနောက် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ချိတ်ဆက်မှုတွေကို ရရှိခဲ့ပြီး အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုအတွက် ဂျူဗင်တပ်အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၈သန်း ပေးချေရဖို့ ရှိနေပြီး ရိုနယ်ဒိုကိုတော့ တပတ် လုပ်ခလစာ ပေါင် ၄၈၀၀၀၀နဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ မွေးထုတ်ပေးခဲ့တဲ့ ကမ္ဘာကျော် တိုက်စစ်မှူး တဦး ဖြစ်သလို အသင်းပရိသတ် အများစုရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းက ရိုနယ်ဒိုကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာပြီးနောက် အသင်းရဲ့ စတော့ရှယ်ယာ တန်ဖိုးတွေဟာ မထင်မှတ်ထားလောက်အောင် မြင့်တက်လာခဲ့ပါတယ်။

Photo Credit: Express

New York Exchange မှ ထုတ်ပြန်ကြေညာချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စတော့ရှယ်ယာ တခုရဲ့ တန်ကြေးဟာ ၉ရာခိုင်နှုန်းကျော် အထိ မြင့်တက်ခဲ့ကာ အဆိုပါ စတော့ရှယ်ယာ တန်ကြေး မြင့်တက်မှုကြောင့် အသင်းရဲ့ တန်ဖိုးဟာလည်း စက္ကန့်ပိုင်း အတွင်း ဒေါ်လာ ၃၀၀သန်းကျော် အထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။