မန်ချက်စတာယူနိုက်တက်အသင်းရဲဲ့ မက္ကဆီကိုတိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ဂျာဗီးယားဟာနန်ဒက်ဇ်က သူရဲ့အသင်းဟောင်း ယူနိုက်တက်အနေနဲ့ အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နေရာမှာ အဲ့ဒီအချိန်တုန်းက အဲဗာတန်အသင်းကို ကိုင်တွယ်လို့နေတဲဲ့ ဒေးဗစ်မိုရက်စ်နဲ့ အစားထိုးဖို့ လုပ်ဆောင်ခဲ့ခြင်းက မှားယွင်းခဲ့ပြီး အဲ့ဒီမှားယွင်းခဲ့မှုရဲ့ နောက်ဆက်တွဲတွေကို အခုချိန်ထိအောင် ခံစားနေရဆဲပဲလို့ အွန်လိုင်းအင်တာဗျူးအတွင်းမှာ ပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : Getty Image

လက်ရှိ မေဂျာလိဂ်ကလပ် အယ်အေဂလက်ဆီအသင်းမှာ ပါဝင်ကစားနေတဲ့ မက္ကဆီကိုတိုက်စစ်မှူးဟာနန်ဒက်ဇ်က သူရဲ့အသင်းဖော်ဟောင်းဖာဒီနန် Youtube Channel တစ်ခုမှာ ဝင်ရောက်အင်တာဗျူးရင်းနဲ့ နည်းပြဟောင်းမိုရက်စ်အကြောင်းကို ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်က “ကျွန်တော်နဲ့မိုရက်စ်ရဲ့ကြားမှာဆိုရင် ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုတွေဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာကတော့ အမှားတစ်ခုပါပဲ။ အမှားတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒါက ပထမဆုံး အမှားပဲ။ ဒါပေမယ့် အဲ့ဒီအမှားက အခုချိန်ထိကို ခြောက်လှန့်နေဆဲပဲ”

Photo Credit : Getty Image

“ဒါပေမယ့် ဒါသူ့ကြောင့်တော့မဟုတ်ဘူး။ သူက ဆိုးရွှားလှတဲ့ နည်းပြတစ်ယောက်မှ မဟုတ်တာ။ ဒါပေမယ့် အသင်းတာဝန်ရှိသူတွေဘက်က မိုရက်စ်ကို ဖာဂူဆန်ရဲ့နေရာမှာ အစားဝင်နိုင်လိမ့်မယ်လို့ ယူဆခဲ့တာက အမှားပဲ။ လျင်လျင်မြန်မြန် ဖြစ်သွားလိမ့်မယ်လို့ ထင်ခဲ့တာလေ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အခုလို အချိန်မှာတောင် ဂွာဒီယိုလာ ကလော့တို့တောင် ဖာဂီရဲ့ အဆင့်လောက်ကို မရောက်ကြသေးလို့ သူတို့အသင်းကို လာမယ်ဆိုရင်တောင် ဖာဂီလို စွမ်းဆောင်နိုင်ဦးမှာမဟုတ်ဘူး” လို့ သူရဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မိုယက်စ်ဟာ ၂၀၁၄ခုနှစ်မှာ သူနှစ်ပေါင်းများစွာ ကိုင်တွယ်ခဲ့တဲ့ အဲဗာတန်အသင်းကနေ နုတ်ထွက်ခဲ့ပြီး ဖာဂူဆန်ရဲဲ့နေရာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ရာထူးကို လက်ခံခဲ့ပြီး (၈)လပဲ ကိုင်တွယ်ခဲ့ရကာ ရလဒ်ဆိုးတွေကြောင့် အသင်းကနေ ပြန်လည်ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် အသင်းကို ဗန်ဟား မော်ရင်ဟိုတို့လို နာမည်ကျော်နည်းပြတွေ ထပ်မံရောက်လာခဲ့ပေမယ့်လည်း နည်းပြထိုင်ခုံမှာ အချိန်ကြာမြင့်စွာ မထိုင်ခဲ့ရပဲ ရာထူးတွေကနေသာ အသီးသီးထုတ်ပယ်ခံခဲ့ရပါတယ်။