မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ရွိုင် ကိန်းကတော့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအနေနဲ့ နည်းပြ ပက် ဂွါဒီယိုလာရဲ့  မန်စီးတီးအသင်း နဲ့ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကို ယှဉ်နိုင်ဖို့ အနည်းဆုံး (၁) နှစ်၊ (၂) နှစ် လိုဦးမယ်လို့ ပြောသွားခဲ့ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ နည်းပြ မော်ရင်ဟိုရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့ပြီး မန်ယူအသင်းကို ယာယီ နည်းပြအဖြစ် စတင် နည်းပြခဲ့ပြီးနောက် ရလဒ်ကောင်းတွေကို ရယူပေးနိုင်ခဲ့တာကြောင့် အမြဲတမ်း နည်းပြအဖြစ် (၃) နှစ်ကြာ စာချုပ် ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းကို စတင် နည်းပြခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီမှာ အဆင့် (၆) နေရာနဲ့ ရာသီ ကုန်ဆုံးသွားခဲ့ပြီး လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၅) မှတ်အကွာ အဆင့် (၆) နေရာမှာ ရပ်တည်နေလျက် ဖြစ်ပါတယ်။ မန်ယူအသင်းဟာ နည်းပြ ဆိုးလ်ရှား ရောက်လာပြီးနောက်ပိုင်း ကစားသမားသစ်တွေ များစွာကို ခေါ်ယူခဲ့ပေမယ့်လည်း ခြေစွမ်းမတည်ငြိမ်နိုင်သေးတာကြောင့် မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက မန်ယူအသင်း စတင် အောင်မြင်နိုင်မယ့် နှစ်ကို ပြောပြခဲ့ပါတယ်။

Photo Credit: Goal

Irish Independent သတင်းမှာ ရွိုင် ကိန်းက “မန်ယူအသင်းရဲ့ ကစားသမား အနည်းငယ်က လိုနေပါသေးတယ်။ သူတို့က အားဖြည့်ထားတယ်။ ဒါပေမယ့်လည်း လိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားက မလိမ်တတ်ပါဘူး။ သူတို့ရဲ့ ရမှတ် စုစုပေါင်းကိုပဲ ကြည့်လိုက်ပါ။ လူတွေက မန်ယူအသင်းဟာ မန်စီးတီးအသင်း၊ လီဗာပူးလ်အသင်းတို့နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ရလဒ်ကောင်း (၁) ကြိမ်၊ ဒါမှမဟုတ် (၂) ကြိမ် ပိုင်ဆိုင်ခဲ့တယ်လို့ ပြောကြတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံး ပြောနေတာက ရမှတ်အကြောင်းပါပဲ။ ဒီတော့က မန်ယူအသင်းအနေနဲ့ လာမယ့် (၁) နှစ်၊ ဒါမှမဟုတ် (၂) နှစ်အတွင်းမှာ လိဂ်ဖလားကို မရနိုင်သေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ မန်ယူအသင်းအနေနဲ့ တိုးတတ်မှုတွေ ရှိလာပါလိမ့်မယ်။ ကွာဟမှုတွေ ကျဉ်းလာပါလိမ့်မယ်။ ဒါပေမယ့် သူတို့မှာ တစ်ခုခု ပျောက်ဆုံးနေသလို ဖြစ်နေပါတယ်”လို့ ပြောသွားပါတယ်။