မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတချို့ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ သူတို့ရဲ့နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားရဲ့ မကြာခဏဆိုသလို အသင်းကစားကွက်အပြောင်းအလဲတွေ ပြုလုပ်နေခြင်းကို ရပ်တန့်စေချင်နေပြီး ဒီလို ကစားကွက်အပြောင်းအလဲတွေ လုပ်ဆောင်နေခြင်းဟာ ကစားသမားအချင်းချင်း ချိတ်ဆက်မှုအပိုင်းနဲ့ အသင်းရဲ့ ရလဒ်ပိုင်းတွေမှာ ထိခိုက်စေတယ်လို့ ကစားသမားတွေဘက်ကနေ ယူဆလျက်ရှိနေကြကြောင်း The Telegarph သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

ဆိုးလ်ရှားဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ယူနိုက်တက်အသင်းကို ကစားပုံအမျိုးမျိုး အသုံးပြုပြီး ပြိုင်ဘက်အသင်းတွေကို ရင်ဆိုင်လျက်ရှိရာ ခြေစွမ်းပိုင်း အတတ်အကျတွေ များစွာဖြစ်ပေါ်ခဲ့ရသလို ရလဒ်တွေကလည်း မတည်မငြိမ် ဖြစ်ပေါ်ခဲ့ရပါတယ်။ အခု ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Telegraph အဆိုအရ ကစားသမားကိုယ်တိုင်ကလည်း ဆိုးလ်ရှားရဲ့ ကစားကွက်အပြောင်းအလဲတွေအပေါ် စိတ်ပျက်လျက်ရှိနေပြီး မကြာခဏ အပြောင်းအလဲတွေ ဖြစ်နေရခြင်းက ကွင်းအတွင်း ကစားသမားချင်း ချိတ်ဆက်မှုတွေအပိုင်းကို ခက်ခဲသွားနိုင်တာကြောင့် တည်ငြိမ်မှုရှိတဲ့ ကစားကွက်သာ အလိုရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

ဆိုးလ်ရှားဟာ ဒီနှစ်ဘောလုံးရာသီမှာ ၄-၂-၃-၁ ကစားကွက်ကို အကြိမ်ရေများစွာနဲ့ အသုံးပြုခဲ့တာဖြစ်ပေမယ့်လည်း ဒီကစားကွက်ကို အသုံးပြုခဲ့တဲ့ ပြိုင်ပွဲစုံ(၁၁)ပွဲအတွင်းမှာ နိုင်ပွဲက(၆)ပွဲအထိ ရှိခဲ့သလို ရှုံးပွဲကလည်း(၄)ပွဲ ရှိထားခဲ့ပြီး သရေပွဲတစ်ပွဲ ရှိခဲ့ရပါတယ်။ ဒီကစားကွက်ဟာ ဆိုးလ်ရှားသဘောအတွေ့ဆုံး ကစားကွက်လို့ သတ်မှတ်ရနိုင်ပေမယ့်လည်း ဒီကစားကွက်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ထွက်ပေါ်ခဲ့တဲ့ ရလဒ်တွေကတော့ စိတ်ကျေနပ်စရာမှာ ရှိမနေခဲ့ပါဘူး။ ဒါ့အပြင် ဆိုးလ်ရှားဟာ ပြိုင်ပွဲစုံ(၃)ပွဲအတွင်းမှာလည်း ၄-၄-၂ (Diamond) ကစားကွက်ကို အသုံးပြုခဲ့ရာ နိုင်ပွဲ(၂)ပွဲရှိခဲ့ပြီး ရှံးပွဲတစ်ပွဲလည်း ရှိခဲ့ပါတယ်။ ဒီကစားကွက်တွေအပြင် ပီအက်စ်ဂျီကို အဝေးကွင်းမှာ အနိုင်ယူခဲဲ့တဲ့ပွဲနဲ့ လောလောလတ်လတ် ကစားခဲ့ရတဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ပွဲတွေမှာတော့ ဆိုးလ်ရှားဟာ ၃-၄-၁-၂ ကစားကွက်ကို သုံးစွဲခဲ့ပြီး ပီအက်စ်ဂျီနဲ့ပွဲမှာ ချီးကျူးလောက်စရာ စွမ်းဆောင်ခဲ့ပေမယ့် လိုက်ပ်ဇစ်နဲ့ပွဲမှာတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရတဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကနေပါ လက်ပြနှုတ်ဆက်ရလိုက်တဲ့အထိကို ဆိုးကျိုးသက်ရောက်သွားခဲ့ရပါတယ်။ ဒီလို ကစားကွက်တွေ မတည်မငြိမ်နဲ့ အကြိမ်ကြိမ် ပြောင်းလဲမှုတွေကို ဆိုးလ်ရှားဘက်ကနေ အမြန်ဆုံးပြင်ဆင်ပြီး ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ် ပြင်ဆွဲတင်ဖို့ လိုအပ်နေပြီး ဒီလိုမှမဟုတ်ရင် သူရဲ့ယူနိုက်တက်နည်းပြဘဝ နေဝင်ချိန်ဟာလည်း အလျင်စလို ရောက်ရှိလာနိုင်ပါတယ်။