အင်တာမီလန်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအစမှာပဲ တိုက်စစ်မှူးလူကာကူကို မန်ချက်စတာယူနိုက်တက်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ အလက်ဆစ်ဆန်းချက်ဇ်ကို အငှားနဲ့ခေါ်ယူခဲ့သလို ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်မှာပဲ အက်ရှ်လေယန်းကိုပါ ထပ်မံခေါ်ယူခဲ့ပါသေးတယ်။ ဒီလို ယူနိုက်တက်ကစားသမားများစွာကို ခေါ်ယူခဲ့တဲ့ အင်တာမီလန်အသင်းဟာ လက်ရှိမှာလည်း ယူနိုက်တက်ရဲ့လူငယ်ကစားသမားလေး တာဟစ်ချောင်ကို ဒီရာသီအကုန်မှာ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီလို့ သိရှိရပါတယ်။

Photo Credit : Getty Images

အသက်၂၀အရွှယ်သာရှိသေးတဲ့ လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားလေး တာဟစ်ချောင်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာလည်း အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့နီးစပ်လျက်ရှိနေပါတယ်။ တာဟစ်ချောင်ကို ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူသွားဖို့ အထူးစိတ်ဝင်စားနေပေမယ့်လည်း အခုလက်ရှိမှာ အင်တာမီလန်ကလည်း ချောင်ကို ထပ်တိုးစိတ်ဝင်စားလာခဲ့ပြီး ကစားသမားရဲ့အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကိုတောင် စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ နယ်သာလန်လူငယ်ကစားသမားလေး တာဟစ်ချောင်ဟာ ဒီရာသီမှာ ယူနိုက်တက်စီနီယာအသင်းနဲ့ ပူးပေါင်းခွင့်တွေမရရှိခဲ့ပဲ ပရီးမီးယားလိဂ်မှာဆိုရင်လည်း စုစုပေါင်း၂၄မိနစ်ခန့်ပဲ ကစားထားခဲ့ရပါတယ်။ ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ကစားသမားကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာကို စိုးရိမ်နေတာကြောင့် သက်တမ်းတိုးဖို့ ကြိုးစားနေပေမယ့်လည်း ကစားသမားကိုယ်တိုင်က ယူနိုက်တက်ကို စွန့်ခွာလိုက်ဖို့သာ စိတ်အားထက်သန်လို့နေပါတယ်။ အင်တာမီလန်အသင်းကတော့ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ တာဟစ်ချောင်ကို ရာသီကုန်အငှားစာချုပ်နဲ့ခေါ်ယူပြီး အငှားစာချုပ်ပြည့်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ခေါ်ယူဖို့အထိပါ ကြိုးပမ်းခဲ့သေးတယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြခဲ့ကြပါတယ်။ အင်တာက တာဟစ်ချောင်အပြင် ယူနိုက်တက်ရဲ့ဝါရင့်ကွင်းလယ်ကစားသမားကြီး မာတစ်ကိုပါ ခေါ်ယူဖွယ်ရှိနေပါသေးတယ်။