အာဆင်နယ်အသင်း နဲ့ မန်ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ အန်ဒီ ကိုးလ်ကတော့ မန်ယူအသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ မန်ယူ တိုက်စစ်မှူးဟောင်း ရွန်နီရဲ့ အဆင့်မှာ ရှိပြီး အသင်းဖော်တွေ ဖြစ်ကြတဲ့ ရက်ချ်ဖို့ဒ် နဲ့ မာရှယ်တို့ကို ကျော်တတ်နိုင်မယ်လို့ ပြောကြားသွားပါတယ်။ မန်ယူအသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ကတော့ (၂၀၁၈-၁၉) ရာသီမှာ မန်ယူအသင်းအတွက် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပွဲဦးထွက် ပွဲစဉ်ကို ကစားခဲ့ပြီး ဒုတိယမြောက်ရာသီ ဖြစ်တဲ့ လက်ရှိရာသီမှာတော့ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၄၇) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၈) ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

(၁၈) နှစ်အရွယ် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဇူလိုင် (၉) ရက်နေ့က အက်စတွန်ဗီလာအသင်းကို ဂိုးပြတ် (၃-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ သမိုင်းမှာ ရွန်နီ နောက်ပိုင်း (၃) ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ မန်ယူအသင်းရဲ့ ဒုတိယမြောက် လူငယ် ကစားသမား ဖြစ်ခဲ့ပါတယ်။ တိုက်စစ်မှူး ရက်ချ်ဖို့ဒ် နဲ့ မာရှယ်တို့ဟာ လက်ရှိရာသီမှာ အသင်းဖော် တိုက်စစ်မှူး ဂရင်းဝုဒ်ထက် သွင်းဂိုး (၄) ဂိုးစီ ပို သွင်းထားကြပေမယ့်လည်း မန်ယူ ကစားသမားဟောင်း အန်ဒီ ကိုးလ်က ဂရင်းဝုဒ်ဟာ ရက်ချ်ဖို့ဒ် နဲ့ မာရှယ်တို့ကို ကျော်တတ်နိုင်တဲ့ အစွမ်းအစ ရှိတယ်လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

The Athletic သတင်းမှာ အန်ဒီ ကိုးလ်က “ဂရင်းဝုဒ်က အထူး အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ သူပါ။ သူက ပိုပြီး၊ ပိုပြီး ကောင်းလာပါလိမ့်မယ်။ သူက ဘယ်ခြေနဲ့ရော ညာခြေနဲ့ရော ဂိုးသွင်းနိုင်ပြီ ရက်ချ်ဖို့ဒ် နဲ့ မာရှယ်ကို ကျော်တတ်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ သူ အဲဒီလောက် လျှင်မြန်မယ်လို့ ကျွန်တော် ထင်တောင် မထင်ခဲ့ပါဘူး။ (၁၈) ပွဲမှာ (၁၆) ဂိုး သွင်းယူနိုင်ခဲ့တာဟာ မယုံနိုင်စရာ ကောင်းနေပါတယ်။ ကျွန်တော် သူ့ရဲ့ အသက်အရွှယ်မှာ ဆိုရင် အာဆင်နယ်အသင်းရဲ့ ပထမအသင်းမှာ ကစားဖို့ နီးတောင် မနီးစပ်ခဲ့ပါဘူး။ ဒါက ရွန်နီရဲ့ အဆင့် ဖြစ်ပါတယ်။ သူက လက်ရှိရာသီမှာ ယူနိုက်တက်အသင်းအတွက် ကစားရမယ်လို့ မျှော်တောင် မျှော်လင့်ခဲ့မှာ မဟုတ်ပါဘူး”လို့ အခိုင်အမာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။