မန်ချက််စတာယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားကို ခန့်အပ်ခဲ့ပြီးတဲ့နောက်မှာ အသင်းအတွင်း လူငယ်ကစားသမားလေးတွေ နေရာရလာခဲ့ရာ ဂရင်းဝုဒ် တာဟစ်ချောင် ဘရန်ဒန်ဝီလီယံစ် အိန်ဂျယ်ဂိုးမက်စ်တို့လို ကစားသမားလေးတွေ စီနီယာအသင်းကြီးမှာ နေရာတွေ ရရှိလာခဲ့ကာ အခုဆိုရင်လည်း ယူနိုက်တက်ယူ-၁၈အသင်းရဲ့ လူငယ်ကစားသမားလေး ဟာနီဘယ်မာ့ချ်ဘရစ်ကို အသင်းကြီးမှာ နေရာပေးဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ဒီပြင်သစ်ကစားသမားလေးကို အာဆင်နယ်ကစားသမား မက်တီအိုဂွမ်ဒူဇီလက်သစ်လို့ပါ တင်စားခေါ်ဆိုခံနေရပါတယ်။

Photo Credit : The Sun

အသက်(၁၇)နှစ်သာရှိသေးတဲ့ ပြင်သစ်လူငယ် ကွင်းလယ်ကစားသမားလေး မာ့ချ်ဘရစ်ဟာ ၂၀၁၉ခုနှစ်ကမှ မိုနာကိုလူငယ်အသင်းကနေ ယူနိုက်တက် ယူ-၁၈အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လူငယ်အသင်းမှာ ခြေစွမ်းတွေ အတော်လေးပြသထားနိုင်တာကြောင့် ယူနိုက်တက်နည်းပြဆိုးလ်ရှားက မာ့ချ်ဘရစ်ကို အသင်းကြီးဆီ ခေါ်ဆောင်သွားဖို့ ဟန်ပြင်နေတာဖြစ်ပါတယ်။ မာ့ချ်ဘရစ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက် ယူ-၁၈အသင်းအတွက် ပြိုင်ပွဲစုံ(၁၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး (၁)ဂိုးသွင်းယူထားခဲ့ကာ ဂိုးဖန်တီးမှု(၆)ကြိမ် ပြုလုပ်ဖန်တီးထားနိုင်ခဲ့ပါတယ်။

Photo Credit : Forbes

ကွင်းလယ်ဖန်တီးရှင်ကစားသမားလေး မာ့ချ်ဘရစ်နဲ့ပတ်သက်ပြီး ပဲရစ်အက်ဖ်စီအသင်းမှာ တွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ နည်းပြဟောင်း ရီဒါက “ကျွန်တော်ကတော့ ဒီချာတိတ်လေးကို ယူနိုက်တက်စီနီယာအသင်းကြီးမှာ နေရာစရလာလိမ့်မယ်လို့ ယုံကြည်ပြီးသားပါ။ အခုလည်း သူ့အတွက် နေရာမှန်တစ်ခုကို ရောက်ရှိနေတယ်လို့ပဲ ထင်မိပါတယ်။ ဆက်ဆံရေးလည်းကောင်း အလုပ်လည်းကြိုးစား စိတ်ရှည်သည်းခံတတ်တဲ့ သူရဲ့အမှုအကျင့်ကောင်းတွေကြောင့် စီနီယာအသင်းကြီးမှာ နေရာရလာမှာပါ။ ဒါကလည်း သူ့အတွက် အရမ်းကိုထိုက်တန်ပါတယ်။ ဒီနေ့ဒီအချိန်မှာ သူ့ကို ပရီးမီးယားလိဂ် ကစားသမားတစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင်တော့ ဂွမ်ဒူဇီနဲ့တူတယ်လို့ပဲ ပြောရမှာပါ။ ဂွမ်ဒူဇီကလည်း မာ့ချ်ဘရစ်လိုပဲ ပြင်သစ်နိုင်ငံသားလည်းဖြစ်တယ် ပြင်သစ်မှာပဲကြီးတယ် ပြင်သစ်မှာပဲ လေ့ကျင့်ခန်းဆင်းတယ်။ သူတို့(၂)ဦးက ကစားပုံချင်းလည်း ဆင်တူလို့နေပါတယ်” လို ထုတ်ပြန်ပြောဆိုလို့သွားပါတယ်။