MySport Myanmar

လင်ဂတ်ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ ဂျုဗင်တပ်စ်အသင်းပါ ပါဝင်လာခဲ့

ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေများစွာက စိတ်ဝင်စားနေကြသလို အီတလီ ထိပ်သီးအသင်းကြီး တစ်သင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းကပါ လင်ဂတ်ကို အလိုရှိနေခဲ့တယ်လို့ အီတလီ အခြေစိုက် Calcio Mercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ဂျုဗင်တပ်စ်အသင်းဟာ စီးရီးအေပြိုင်ပွဲအတွင်း ထွန်းတောက်နေတဲ့ ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူစုဆောင်းရာမှာ နာမည်ကြီးသလို ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားတွေကို ခေါ်ယူရာမှာပါ ကျွမ်းကျင်ပိုင်နိုင်တဲ့ အသင်းအဖြစ်ပါ နာမည်ကြီးတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းက ပြီးခဲ့တဲ့ ဆောင်းစျေးကွက်အတွင်းကလည်း လာမယ့်နွေမှာ မိုချန်ဂလာဘတ်အသင်းနဲ့ သက်တမ်းကုန်ဆုံးတော့မယ့် ဆွစ်ကွင်းလယ်လူ ဇာကာရီယာကို အလွန်စျေးချိုတဲ့ Cut-price တန်ဖိုးနဲ့ အရခေါ်ယူထားနိုင်ခဲ့တာက သာဓကတစ်ခု ဖြစ်နေသလို အခုလည်း ယူနိုက်တက် ကစားသမား လင်ဂတ်ကိုပါ ခေါ်ယူသွားဖို့အထိ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

Photo Credit : Vbet News

အသက်(၂၉)နှစ်အရွှယ်ရှိ ယူနိုက်တက် အကယ်ဒမီထွက် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ တစ်ပွဲမှကို ပွဲဦးထွက် ကစားသမားအဖြစ် ပါဝင်ရခြင်း မရှိပဲ (၈၈)မိနစ်ခန့်သာ ကစားထားရသလို ချန်ပီယံလိဂ်မှာ ဆိုရင်လည်း အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ယန်းဘွိုင်းစ်နဲ့ ပွဲစဉ်မှသာ ပွဲထွက်ကစားခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိ ဖြစ်နေတဲ့အပြင် ဆောင်းစျေးကွက်မှာပါ အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ ပြင်ဆင်ခဲ့သေးပေမယ့် မေဆန်ဂရင်းဝုဒ်ရဲ့ အမှုအခင်းတွေ ရှိလာခဲ့တာကြောင့် လင်ဂတ်အနေနဲ့ သူ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အသင်းမှာသာ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လင်ဂတ်က သူနဲ့ ယူနိုက်တက်အသင်းကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းကိုတော့ ဆက်လက်တိုးမြှင့်သွားဖို့ လုံးဝဆန္ဒမရှိနေတာကြောင့် ဂျုဗင်တပ်စ်အသင်းနည်းပြ မက်စ်အယ်လီဂရီက အသင်းရဲ့ ကွင်းလယ်ပိုင်း အားမြှင့်သွားချင်တဲ့အတွက် လင်ဂတ်ကို အခြားအသင်းတွေနဲ့အပြိုင် အရခေါ်ယူသွားဖို့ ချိန်ရွှယ်နေတာ ဖြစ်ပါတယ်။

Exit mobile version