မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား တွန်မီနေးကတော့ မန်ယူ တိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒိုကို ကြည့်လိုက်မယ် ဆိုရင် စိတ်ဓါတ် အမြင့်ဆုံးမှာ ရှိနေတယ်လို့ ပြောကြားသွားပြီး ရော်နယ်ဒိုကို အတုယူဖို့ ကြိုးစားနေတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ အိမ်မွေးခြံပေါက် အကယ်ဒမီထွက် တွန်မီနေးဟာ (၂၀၁၆) ခုနှစ်ရာသီမှာ မန်ယူအသင်းအတွက် ပွဲဦးထွက် ပွဲစဉ်ကို ကစားခဲ့ပြီး မန်ယူအသင်းအတွက် (၄) နှစ်ခန့်ကြာ ကစားလာတဲ့ အချိန်မှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၇၄) ပွဲအထိ ကစားထားပါတယ်။

Photo Credit: Dailystar

ကွင်းလယ်လူ တွန်မီနေးဟာ နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ထွန်းတောက်လာခဲ့ပြီး အသင်းဖော် ကွင်းလယ်လူ ပေါ့ဘာ ဒဏ်ရာရနေတဲ့ အချိန်မှာ မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်းကို အဓိက တာဝန်ယူရတဲ့ ကွင်းလယ် ကစားသမား တစ်ယောက် ဖြစ်နေခဲ့ပါတယ်။ တွန်မီနေးဟာ လက်ရှိရာသီမှာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ပွဲ ကစားထားရာမှာ ဂိုးဖန်တီးမှု (၄) ကြိမ် နဲ့ သွင်းဂိုး (၁) ဂိုး သွင်းယူခဲ့ပြီး ကိုရိုနာ ရောဂါကြောင့် အိမ်အောင်းနေရတဲ့ အချိန်မှာ ရော်နယ်ဒိုဆီကနေ သင်ယူခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။

Photo Credit: Dailystar

မန်ယူအသင်းရဲ့ တရားဝင် Podcast မှာ တွန်မီနေးက “ရော်နယ်ဒိုကို ကြည့်လိုက်မယ် ဆိုရင် စိတ်ဓါတ်က အမြင့်ဆုံးမှာ ရှိနေပါတယ်။ အဲဒီစိတ်ဓါတ်ထက် ပိုမြင့်တဲ့ စိတ်ဓါတ် မရှိနိုင်ပါဘူး။ ကျွန်တော်ကတော့ သူ့ကို ကြည့်ပြီး သူမှာ ရှိတဲ့ ခန္စကိုယ် ကြံခိုင်မှု နဲ့ သူကိုယ်သူ အသုံးချတဲ့ နည်းလမ်းကို သဘောကျပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ (၂) ရက်က သူ့ရဲ့ ဓါတ်ပုံကို ကြည့်ပြီး ဘောလုံးကွင်း ပြင်ပမှာ သူ သင်ယူနေတာတွေကို ကျွန်တော် အတုယူဖို့ ကြိုးစားနေပါတယ်။ လူတွေက သူတို့ရဲ့ ဘဝမှာ သက်သောင့်သက်သာ ဖြစ်လွန်းပါတယ်”လို့ ပြောသွားခဲ့ပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ မန်ယူအသင်းမှာ ကစားခဲ့စဉ်က ဆုဖလား အောင်မြင်မှု အများကြီး ရရှိခဲ့ပြီး တွန်မီနေးအနေနဲ့ ရော်နယ်ဒိုလို အောင်မြင်လာမလား စောင့်ကြည့်ရမှာပါ။