မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖိုဒ့်က သူအနေနဲ့ အသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ နည်းပြဟိုဆေးမော်ရင်ဟိုလက်အောက်မှာ ပါဝင်ကစားခဲ့စဉ်တုန်းက မော်ရင်ဟိုရဲ့ နည်းစနစ်တွေကြောင့် သူရဲ့ အကောင်းဆုံးပုံစံနဲ့ ကစားပြနိုင်ဖို့ ခက်ခဲခဲ့ရတယ်လို့ ဖွင့်ဟဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

နာမည်ကျော် နည်းပြကြီး မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို နည်းပြအဖြစ် ၂၀၁၆ခုနှစ်ကနေ စတင်တာဝန်ယူ ဆောင်ရွှက်ခဲ့တာဖြစ်သလို သူရဲ့ယူနိုက်တက်နည်းပြဘဝ ပထမဆုံးရာသီမှာ အသင်းအတွက် ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတွေကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အသင်းရဲ့ရလဒ်တွေ ကမောက်မကတွေ ဖြစ်လာခဲ့တာကြောင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာပဲ မော်ရင်ဟိုကို ယူနိုက်တက်ဘက်ကနေ ထုတ်ပယ်လိုက်ပြီး အဲ့ဒီကမှတစ်ဆင့် မော်ရင်ဟို စပါးအသင်းကို ကိုင်တွယ်ခဲ့သလို လာမယ့်ရာသီမှာတော့ ရိုးမားအသင်းရဲ့ နည်းပြသစ်အဖြစ် ဆက်လက်ဆောင်ရွှက်သွားမှာဖြစ်ပါတယ်။

Photo Credit : The Star

မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီ (၂)ရာသီခွဲအတွင်း မော်ရင်ဟိုနဲ့အတူ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်က မော်ရင်ဟိုရဲ့ လက်တွေ့ဆန်လှတဲ့ပုံစံတွေက သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ဖော်ပြသဖို့အတွက် အဟန့်အတားတွေ ဖြစ်စေခဲ့တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်က “ဒီလိုအခြေအနေမျိုးတွေက ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံး ကစားပုံ ရရှိအောင် ကစားနေတဲ့ အခါမျိုးမှာဆို ဖြစ်ပေါ်တတ်ပါတယ်။ ဟိုဆေးရဲ့လက်အောက်မှာ ကစားရတုန်းက ဘယ်အရာမဆို နည်းနည်း နည်းနည်းစီ လုပ်နေရတယ်။ မင်းဒီနေရာမှာ ကစားလိုက် ဟိုနေရာမှာ ကစားလိုက် ဆိုသလိုပေါ့။ ခင်ဗျားအနေနဲ့ ကိုယ့်ကို တာဝန်ပေးတဲ့ အလုပ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အတွက်ကတော့ ကျွန်တော်ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ဖော်ပြသနိုင်ဖို့ ခက်ခဲမှုတွေ ရှိစေခဲ့ရတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ နည်းပြဟောင်းမော်ရင်ဟိုရဲ့လက်အောက်မှာ အမှန်တကယ် သူရဲ့တိုက်စစ်စွမ်းရည်ကောင်းတွေ ပြသဖို့ ရုန်းကန်ခဲ့ရပြီး မော်ရင်ဟို ကိုင်တွယ်ခဲ့စဉ်အတွင်း ပရီးမီးယားလိဂ်ပွဲပေါင်း (၈၁)ပွဲအထိ ပါဝင်ကစားခဲ့ရာမှာ သွင်းဂိုးပေါင်း (၁၅)ဂိုးသာ သွင်းယူထားနိုင်ခဲ့ရပါတယ်။