ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ၂၀၀၉ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ယူနိုက်တက်လူငယ်အသင်းမှာ ပါဝင်ကစားရင်း သူရဲ့ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့လို့ အသင်းကြီးမှာ ပါဝင်ကစားခွင့်တွေကို ပိုင်ဆိုင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေါ့ဘာဟာ အဲ့ဒီအချိန် အသင်းရဲ့ဂန္တဝင်နည်းပြဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်အောက်မှာ ပွဲထွက်ခွင့်တွေက အလုံအလောက်မရခဲ့လို့ အသင်းကို စွန့်ခွာခဲ့ရတာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : En24News

အသက်(၂၇)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမားပေါ့ဘာဟာ သူ့ကို ဖာဂူဆန်က ယူနိုက်တက်စီနီယာအသင်းမှာ ပွဲထွက်ကစားခွင့်တွေ မပေးခဲ့တာကြောင့် အရမ်းကို ဒေါသထွက်ခဲ့ရသလို ယူနိုက်တက်ကို အားပေးနေတဲ့ သူရဲ့အကိုတောင် အဲ့ဒီအခြေအနေကို လက်မခံနိုင်အောင် ဒေါသထွက်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာဖို့တိုက်တွန်းခဲ့ပြီး သူကိုယ်တိုင်လည်း ၂၀၁၂ဇူလိုင်လမှာ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ နောက်(၄)နှစ်အကြာမှာတော့ ပေါ့ဘာဟာ ယူနိုက်တက်အသင်းဆီကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : ESPN

အဲ့ဒီအချိန်တုန်းက အသင်းပြောင်းဖို့ကိစ္စနဲ့ပတ်သက်ပြီး ပေါ့ဘာရဲ့မိခင်က အသင်းပြောင်းချင်ရင် ပြောင်းလို့ရပေမယ့် တနေ့နေ့တချိန်ချိန်ရောက်ရင်တော့ မန်ချက်စတာဆီကို ပြန်လာခဲ့ဖို့ တိုက်တွန်းခဲ့တာကြောင့် ၂၀၁၆ခုနှစ်မှာ ယူနိုက်တက်ဆီကို တကျော့ပြန်ရောက်လာခဲ့တာလို့ ပေါ့ဘာက ပြောဆိုခဲ့ပါတယ်။ ပေါ့ဘာက ယူနိုက်တက်ကို ပြန်ရောက်ချိန်မှာ သူရဲ့နေအိမ်ကို ပြန်ရောက်လာရသလို ခံစားပျော်ရွှင်မိခဲ့ပေမယ့် လက်ရှိအချိန်ထိကတော့ အသင်းနဲ့အတူ အောင်မြင်မှုတွေရယူဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ပေါ့ဘာဟာ ယူနိုက်တက်အသင်းကနေ ဒုတိယအကြိမ်အဖြစ် ထွက်ခွာဖို့ ပြင်ဆင်လျက်ရှိနေကာ သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ် ဒါမှမဟုတ် သူငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရတဲ့ ဇီဒန်းကိုင်တွယ်လို့နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကို ပြောင်းရွှေ့ကစားဖို့ သတင်းတွေ ထွက်နေသလို ယူနိုက်တက်ကလည်း ပေါ့ဘာကို ရောင်းချဖွယ်ရှိနေပါတယ်။