အပြောင်းအရွှေ့စျေးကွက်တစ်ခုရောက်တိုင်းမှာ အနာဂတ်အခြေအနေတွေ အလှုပ်ခတ်ဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ လက်ရှိအချိန်မှာလည်း သူနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ကြားထဲက သူရဲ့ ဂျုဗင်တပ်စ်အသင်းဖော် ဒီဘားလားနဲ့ အမေရိကန်နိုင်ငံ မိုင်ယာမီမှာ တွေ့ဆုံခဲ့ပြီးနောက် သူရဲ့အနာဂတ်က ပိုမိုလှုပ်ခတ်သွားခဲ့ရပါတယ်။

Photo Credit : The Sun

ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာနဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားတို့ဟာ ဂျုဗင်တပ်စ်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေဖြစ်ပြီး နှစ်ယောက်လုံးက တွဲဖက်ညီညီနဲ့ ဂျုဗီအတွက်အကောင်းဆုံး ကစားနိုင်ခဲ့သူတွေလည်း ဖြစ်ခဲ့ပါတယ်။ ပေါ့ဘာဟာ ၂၀၁၆ခုနှစ်မှာ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် နှစ်အနည်းငယ်အကြာမှာပဲ အသင်းဟောင်း ဂျုဗင်တပ်စ်နဲ့ ကောလဟာလတွေ မကြာမကြာ ပြန်လည်ထွက်ပေါ်လျက်ရှိနေသလို ဂျုဗင်တပ်စ်ဘက်ကလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ပြန်လည်အလိုရှိနေတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့ရပါတယ်။

Photo Credit : The Sun

လက်ရှိအချိန်မှာ အသက်(၂၈)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမား ပေါ့ဘာက ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေတော့ပြီး သူ့ကို ယူနိုက်တက်ဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားသလို ပီအက်စ်ဂျီ ဂျုဗင်တပ်စ်အသင်းတွေနဲ့လည်း သတင်းတွေ ထွက်နေချိန်မှာ ပေါ့ဘာက သူရဲ့ဂျုဗင်တပ်စ်အသင်းဖော်ဟောင်း ဒီဘားလားနဲ့ မိုင်ယာမီမှာ တွေ့ဆုံမိခဲ့တာကြောင့် ပေါ့ဘာရဲ့အနာဂတ်က ပိုပြီး လှုပ်ခတ်သွားခဲ့ရပါတယ်။ လက်ရှိမှာလည်း ဂျုဗင်တပ်စ်အသင်းက ပီယာလိုရဲ့နေရာမှာ နည်းပြဟောင်း အယ်လီဂရီကို ပြန်လည်ခန့်အပ်လို့ထားပြီး အယ်လီဂရီမှာလည်း ပေါ့ဘာနဲ့အတူ ဂျုဗင်တပ်စ်မှာ (၂)ရာသီလောက် ဖြတ်သန်းခဲ့ဖူးကာ အောင်မြင်မှုတွေလည်း ရယူခဲ့ဖူးတာကြောင့် အယ်လီဂရီကိုယ်တိုင် ပေါ့ဘာကို အသင်းအတွက် ပြန်လည်အလိုရှိနေပါတယ်။ ယူနိုက်တက်ကလည်း ပေါ့ဘာကို သက်တမ်းတိုးချင်နေပေမယ့် ပေါ့ဘာဘက်ကသာ ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ရင် ဒီစျေးကွက်အတွင်းမှာပဲ ရောင်းချသွားရနိုင်တာကြောင့် သူရဲ့အခြေအနေကို ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်စ်အသင်းဘက်ကနေ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကတော့ ပေါ့ဘာကို အသင်းကနေ ရောင်းချဖြစ်မယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၆၀)ဝန်းကျင်လောက်အထိ ပြန်လည်အလိုရှိနေပြီး သူ့နေရာမှာ ဂျာမန်ကွင်းလယ်လူ ဂေါ့ရက်ဇ်ကာနဲ့ အစားထိုးဖွယ် ရှိနေပါတယ်။