ဆောင်းရာသီစျေးကွက် နောက်ဆုံးနေ့ရက်ရဲ့နောက်ဆုံးအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဆီကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ၆လအငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်ကစားသမား အိုဒီယွန်အီဂါလိုဟာ လက်ရှိကမ္ဘာပေါ်က အန္တရာယ်အများဆုံး ဖြစ်လို့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ဂါပိုး) စတင်ပြန့်ပွားရာ တရုတ်နိုင်ငံကနေ ရောက်ရှိလာခဲ့သူဖြစ်လို့ သူ့ဆီမှာ ဗိုင်းရပ်စ်ကူးစက်ထားခြင်းရှိမရှိကို အသင်းရဲ့ဆေးအဖွဲ့ဝင်တွေ အသင်းတာဝန်ရှိသူတွေဘက်ကနေ စောင့်ကြည့်နေလျက်ရှိပြီး လက်ရှိမှာတော့ ဘာမှရေရေရာရာ မသိရသေးတာကြောင့် အသင်းတာဝန်ရှိ်သူတွေက အီဂါလိုကို ယူနိုက်တက်ရဲ့ AON လေ့ကျင့်ရေးကွင်းဆီ လာရောက်ခွင့်ကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

Photo Credit : LatestArena

အသက်၃၀အရွှယ် တိုက်စစ်ကစားသမား အီဂါလိုဟာ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေတဲ့ ယူနိုက်တက်အသင်းဆီကို ကာလတိုအငှားစာချုပ်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံကနေ ရောက်ရှိလာခဲ့သူဖြစ်လို့ သူ့ဆီမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ထားခြင်းရှိမရှိဆိုတာကို အသေအချာ သိရှိရနိုင်ဖို့အတွက် ၂ပတ်ကြာအချိန်ယူ စောင့်ကြည့်ရဦးမှာဖြစ်တာကြောင့် ယူနိုက်တက်ရဲ့အကြီးအကဲတွေက ကြိုတင်ကာကွယ်မှုအဖြစ် အီဂါလိုကို အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ လာရောက်လေ့ကျင့်ခွင့်ကို ခဏပိတ်ပင်ထားပြီး Personal Trainer နဲ့အတူ တစ်ဦးတည်းကိုသာ လေ့ကျင့်ခန်းဆင်းခိုင်းလျက်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အီဂါလိုဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံက ဒေသတစ်ခုဖြစ်တဲ့ ဝူဟန်နဲ့ အလှမ်းဝေးတဲ့ ရှန်ဟိုင်းမြို့မှာ နေထိုင်သူဖြစ်သလို ယူနိုက်တက်ကို ရောက်ရှိချိန် ဆေးစစ်မှုခံယူရာမှာလည်း ဘာရောဂါပြသာနာမှ ရှိမနေပေမယ့် စပိန်နိုင်ငံမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ယူနိုက်တက်အသင်းဖော်တွေနဲ့ ပူးပေါင်းနိုင်ခြင်းမရှိတာက တရုတ်နိုင်ငံက လာရောက်သူဖြစ်တာကြောင့် ပြည်ဝင်ခွင့်ပိတ်ပင်ခံရတာတို့ ဖြစ်လာနိုင်မယ့်အရေးကြောင့်သာ မန်ချက်စတာမှာပဲ ကျန်ရစ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါရှိမရှိဆိုတာကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ သိရပြီဆိုရင်တော့ အီဂါလိုဟာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းခြင်း ဘောလုံးပွဲတွေမှာ ပါဝင်ကစားခြင်းနဲ့ တခြားနိုင်ငံတွေမှာ သွားရောက်ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်တွေမှာပါ ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်တနင်းလာနေ့မှာတော့ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)ကို စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။