မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် အင်္ဂလန်လူငယ်တိုက်စစ်ကစားသမားလေး မေဆန်ဂရင်းဝုဒ်က သူရင်ဆိုင်တွေ့ဆုံခဲ့ရတဲ့ ပြိုင်ဘက်ကစားသမားတွေ အားလုံးထဲကမှ တကယ့်ကို ပြိုင်ဘက်ကောင်းတွေဖြစ်တဲ့ လီဗာပူးလ် နောက်ခံလူဗန်ဒိုက် မန်စီးတီး နောက်ခံလူရူဘင်ဒီယက်စ်တို့ကို ချန်လှပ်ပြီး ဖူလ်ဟမ်နောက်ခံအစွန်လူ ဂျိုးဘရိုင်ယန်ကိုသာ သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်ကစားသမားအဖြစ် သတ်မှတ်သွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၁၉)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ ယူနိုက်တက်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးပြည့်ဝသော လူငယ်လေးတစ်ဦးဖြစ်သလို အသက်(၁၇)နှစ်အရွှယ်ခန့်မှာပဲ ယူနိုက်တက်စီနီယာအသင်းအတွက် ပါဝင်ခွင့်ရခဲ့သလို အသက်ငယ်ငယ်လေးနဲ့ ပြိုင်ဘက်အသင်းများစွာ ပြိုင်ဘက်ကစာသမားများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလို ဆယ်ကျော်သက်အရွှယ်နဲ့ ပြိုင်ဘက်ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂရင်းဝုဒ်က ဖူလ်ဟမ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား ဂျိုးဘရိုင်ယန်က သူရင်ဆိုင်ဖူးသမျှ ကစားသမားတွေအားလုံးထဲမှာတော့ သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်တစ်ဦး ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

 

Photo Credit : The Sun

ဂရင်းဝုဒ်က “ကျွန်တော်ပြောလိုက်တဲ့အခါကျရင် ခင်ဗျားအံ့သြသွားရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ခင်ဗျား ဂျိုးဘရိုင်ယန်ကို သိလား။ ဖူလ်ဟမ်မှာ ပါဝင်ကစားနေတဲ့သူပါ။ သူနဲ့ကျွန်တော် ပြီးခဲ့တဲ့ရာသီတုန်းက အိမ်ကွင်းအဝေးကွင်း (၂)ကျော့လုံး တွေ့ဆုံခဲ့စဉ်မှာ သူက ကျွန်တော့်ကို နေရာလွတ်တွေ မပေးခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်ခွင့်လည်း မပေးခဲ့ဘူး။ ကျွန်တော်တို့အတွက်လည်း အခက်ခဲဆုံးသော ပွဲတွေထဲကမှ တစ်ပွဲဖြစ်ခဲ့ရတယ်။ သူက ကျွန်တော့်အတွက် အခက်ခဲဆုံး တစ်ယောက်အဖြစ် ရွေးချယ်သတ်မှတ်ခံရမယ့် ကစားသမားတစ်ဦး ဖြစ်နေလိမ့်မယ်ဆိုတာကို ခင်ဗျား မထင်ထားမိဘူးမလား။ ဒါပေမယ့် သူက ကျွန်တော့်အတွက်တော့ အရမ်းလည်း ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသလို နေရာလွတ်တွေလည်း မပေးခဲ့တဲ့သူပါ။ သူက တကယ့်ကို ကောင်းမွန်လှတဲ့ ခံစစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော့်အတွက်လည်း အခက်ခဲဆုံးသော ပြိုင်ဘက်တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်အသင်းက ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီကို ပြန်လည်တန်းဆင်းသွားခဲ့ပြီဖြစ်လို့ ဒီနှစ်ဘောလုံးရာသီမှာ ဂရင်းဝုဒ်အနေနဲ့ သူရဲ့အခက်ခဲဆုံးသော ပြိုင်ဘက် ဘရိုင်ယန်နဲ့ ထပ်မံတွေ့ဆုံရတော့မှာ မဟုတ်ပဲ တခြားသော ပြိုင်ဘက်တွေနဲ့သာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။