မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ မားကပ်စ်ရပ်ရှ်ဖိုဒ့်ဟာ မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ရတဲ့ လီဗာပူးလ်အသင်းနဲ့ အက်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အတွင်း အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပွဲအတွင်းမှာ ဒူးဒဏ်ရာကိုပါ ခံစားခဲ့ရလို့ ပွဲပြီးခါနီး (၈၆)မိနစ်မှာ တိုက်စစ်မှူးမာစီယဲလ်နဲ့ လူစားလဲခဲ့ရသလို ပွဲအပြီးမှာလည်း သူရဲ့ဒူးဒဏ်ရာအတွက် စစ်ဆေးမှုတွေ ပြုလုပ်သွားရလိမ့်မယ်လို့ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖိုဒ့်ဟာ မနေ့ညက ပွဲစဉ်အတွင်း အသင်းအတွက် အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး မေဆန်ဂရင်းဝုဒ်ရဲ့ ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကိုလည်း သူကိုယ်တိုင် သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ရပ်ရှ်ဖို့ဒ်ဟာ ဒူးဒဏ်ရာ ရရှိသွားခဲ့တဲ့အတွက် ပွဲချိန်ပြည့် ဆက်လက်ကစားဖို့ မဖြစ်နိုင်တော့တဲ့အတွက် မာစီယဲလ်ရဲ့ လူစားလဲခဲ့ရပြီး သူရဲ့ဒဏ်ရာအခြေအနေ ဘယ်လောက်အထိ ရှိနေမလဲဆိုတာကိုပါ စစ်ဆေးသွားရတော့မှာဖြစ်ပါတယ်။

Photo Credit : Manchester Evening News

ရပ်ရှ်ဖိုဒ့်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး BBC သတင်းမီဒီယာကနေ မေးမြန်းလာခဲ့ရာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက “မျှော်လင့်ရတာပဲ။ သူရဲ့ဒူးဒဏ်ရာက သူ့ကို စိတ်အနှောင့်အယှက် ပေးသွားခဲ့တယ်။ ဒါကြောင့် မနက်ဖြန်ကျရင်တော့ ကျွန်တော်တို့တွေ အခြေအနေကို ပိုမိုသိရှိနိုင်ဖို့အတွက် စစ်ဆေးမှုတွေ လုပ်ဆောင်သွားရပါမယ်” လို့ ပြန်လည်ဖြေကြားပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဆိုးလ်ရှားဟာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အားရကျေနပ်မှုရှိကြောင်းကိုပါ ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။ ၂၀၁၄ခုနှစ်နောက်ပိုင်းကတည်းက အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ လီဗာပူးလ်အသင်းကို ဧည့်ခံကစားရတိုင်း လုံးဝရှုံးပွဲမရှိထားခဲ့တဲ့ ယူနိုက်တက်အသင်းဟာ အခုလည်း လီဗာပူးလ်ကို အက်အေဖလားပွဲမှာ ထပ်မံအနိုင်ယူကျော်ဖြတ်ခဲ့လို့ ပဥ္စမအဆင့်ကို တတ်လှမ်းနိုင်ခဲ့သလို ပဥ္စမအဆင့်မှာတော့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ အိုးထရက်ဖိုဒ့်မှာပဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းက Form အရမ်းကောင်းမွန်လျက်ရှိနေပြီး လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်အေဖလားပွဲစဉ်မှာလည်း အားလုံးမျှော်လင့်ထားတာထက်ပင် ပိုမိုကောင်းမွန်အောင် ကစားသွားနိုင်ခဲ့ပြီး Big Games တွေမှာ ရုန်းကန်နေရတတ်တယ်လို့ ဝေဖန်ခံနေရတဲ့ ဘရူနိုဖာနန်ဒက်စ်ကလည်း ဒီပွဲမှာ အသင်းအတွက် အနိုင်ရစေမယ့် ဂိုးတစ်ဂိုးကို သူရဲ့ဖရီးကစ်ကနေ သွင်းယူခဲ့ပြီး ဝေဖန်မှုတွေကို ရပ်တန့်သွားစေခဲ့ပါတယ်။