မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်ကတော့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရရှိထားခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် မကြာခင်ရက်ပိုင်းအတွင်းမှာ ကျင်းပသွားဖို့ရှိနေတဲ့ UEFA Nations League ပွဲစဉ်တွေမှာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ကစားနိုင်ဖို့က မသေချာမရေရာ ဖြစ်လို့နေရပြီး လွဲချော်ရဖို့ကတော့ အခြေအနေပိုများလျက်ရှိနေတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Utd Report

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမားဟာ ရပ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ(၁၇)ရက်နေ့မှာ ကျင်းပခဲ့တဲ ယူနိုက်တက်အသင်းနဲ့ ဆီဗီလာအသင်းတို့ရဲ့ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံကစားသမားရဲ့ဖျက်ထုတ်မှုကြမ်းတမ်းခြင်းကြောင့် ခြေချင်းဝတ်ဒဏ်ရာကို ခံစားခဲ့ရပြီး အဲ့ဒီဒဏ်ရာနဲ့ပဲ ပြိုင်ပွဲပြီးဆုံးတဲ့အထိ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ဒီဒဏ်ရာက ရပ်ဖိုဒ့်ကို ဆက်လက်နှောင့်ယှက်နေဆဲဖြစ်ပြီး လာမယ့် စက်တင်ဘာလ လဆန်းပိုင်းမှာ ယှဉ်ပြိုင်ကစားရမယ့် အင်္ဂလန်အသင်းရဲ့ UEFA Nations League ပွဲ(၂)ပွဲလုံးကို လွဲချော်ရဖွယ်ရှိနေပါတယ်။

Photo Credit : The Telegraph

ရပ်ဖိုဒ့်ဟာ ဇန်နဝါရီလကတည်းက ခါးဒဏ်ရာကြောင့် မတ်လကျော်အထိကို ယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေ ဆက်တိုက်လွဲချော်ခဲ့ရပြီး ကိုဗစ်အလွန်မှသာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တာဖြစ်ပေမယ့် အရင်ကလို ခြေစွမ်းမျိုးနဲ့ သိပ်မကစားနိုင်တော့ပဲ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။ အခုလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် အိုက်စလန် ဒိန်းမတ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမယ့် အင်္ဂလန်အသင်းရဲ့ Nations League ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ဖွယ် ရှိနေတဲ့အပြင် ယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတချို့ကိုပါ လွဲချော်ရနိုင်ပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားနဲ့ တိုက်စစ်ကစားသမားရပ်ဖိုဒ့်တို့က အင်္ဂလန်အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်ပေမယ့် နောက်ထပ် ယူနိုက်တက်အသင်းဖော် အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ ဂိုးသမားဒင်းဟန်ဒါဆန်နဲ့ ဆယ်ကျော်သက်အရွှယ် တိုက်စစ်မှူးလေးဂရင်းဝုဒ်တို့ကတော့ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ထားခံရသလို ပါဝင်ကစားရဖို့လည်း အခွင့်အရေးတွေများလျက်ရှိနေပါတယ်။ လတ်တလောမှာ ယူနိုက်တက်ရဲ့ကွင်းလယ်ကစားသမားပေါ့ဘာမှာလည်း ကိုဗစ်ကူးစက်နေလို့ ပြင်သစ်အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး မာစီယဲလ်ပဲ ရွေးချယ်ခံခဲ့ရပါတယ်။