ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရလဒ်တွေ ကောင်းမွန်နေပြီး ပြီးခဲ့တဲ့ညက ကစားသွားခဲ့တဲ့ ဒါဘီကောင်တီနဲ့ပွဲမှာပါ (၂)ဂိုးပြတ်နဲ့ အနိုင်ရလိုက်လို့ တတိယနေရာက ဘရန့်ဖိုဒ့်အသင်းကို (၅)မှတ်အထိ ဖြတ်တောက်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တကျော့ပြန်ရောက်ရှိလာနိုင်ဖို့ အခြေအနေအလွန်ကောင်းနေတဲ့ ဝက်ဘရွန်းအသင်းက ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို ပထမဦးစားပေးအဖြစ်နဲ့ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Football365

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမားလင်ဂတ်ဟာ သူရဲ့ခြေစွမ်းကျဆင်းမှုတွေကြောင့် ယူနိုက်တက်အသင်းမှာ ပွဲထွက်ကစားခွင့် မရတော့တာဟာ လအတန်ကြာနေပြီဖြစ်ပြီး လူစားဝင်ကစားသမားအဖြစ်တောင် ပွဲတချို့တလေမှသာ ပါဝင်ကစားရဖြစ်ပါတယ်။ ဒီလို အခြေအနေတွေရှိနေတဲ့ လင်ဂတ်ကိုယ်တိုင်က လာမယ့်စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားချင်နေသလို တစ်နှစ်သက်တမ်းပဲ ကျန်ရှိတော့တဲ့ သူ့ကိုလည်း အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖို့ထက် ငွေသားအချို့နဲ့သာ ရောင်းချသွားချင်နေပါတယ်။

Photo Credit : United in Focus

အနာဂတ်မရေမရာဖြစ်နေတဲ့ လင်ဂတ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းပေါင်းများစွာကနေ စောင့်ကြည့်လျက်ရှိနေပြီး အဲ့ဒီအသင်းတွေထဲမှာ နယူးကာဆဲလ် လက်စတာ ဝက်စ်ဟမ်း အဲဗာတန်တို့ ပါဝင်နေသလို ပရီးမီးယားလိဂ်ဆီကို တဖန်ပြန်ရောက်လာဖွယ်ရှိနေတဲ့ နည်းပြကြီးဘီလစ်ရဲ့ ဝက်ဘရွန်းအသင်းကပါ ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒီအသင်းတွေအပြင် အသက်လက်တီကိုမက်ဒရစ် အေစီမီလန် လာဇီယိုနဲ့ ရိုးမားအသင်းတွေကပါ လင်ဂတ်ရဲ့အခြေအနေတွေကို စောင့်ကြည့်လျက်ရှိနေပါတယ်။ မန်ချက်စတာအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လင်ဂတ်ဟာ လူငယ်ကစားသမားဘဝမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့်လည်း ဘောလုံးအားကစားထက် အပြင်စီးပွားရေးပိုင်းမှာပါ အာရုံရောက်နေသလို သူရဲ့ခြေစွမ်းပိုင်းတွေကလည်း တည်ငြိမ်မှုမရှိတော့ပဲ တဖြည်းဖြည်းကျဆင်းလာခဲ့ကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေပါ မရှိလာခဲ့တော့တာကြောင့် လင်ဂတ်ရဲ့ ယူနိုက်တက်ကစားသမားဘဝက အဆုံးသတ်ခဲ့ရပြီလို့တောင် သတ်မှတ်နိုင်ပါတယ်။