တိုက်စစ်မှူး ရွန်းနီကတော့ ဂရင်းဝုဒ်ကို ပင်ကိုယ် ဂိုးသွင်းကောင်းသူ၊ ခြေနှစ်ဖက်စလုံး အသုံးနိုင်သူ၊ အခွင့်အရေး အသုံးချနိုင်သူ၊ ဂိုးရှေ့ တည်ငြိမ်သူ၊ အဆုံးသတ် ကောင်းသူလို့ ချီးကျူးသွားတာ ဖြစ်ပြီး အင်္ဂလန် လက်ရွေးစင်အသင်းမှာ ဟယ်ရီ ကိန်းရဲ့ နေရာကို တာဝန်ယူနိုင်တဲ့ သူလို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင်အသင်းမှာ ကစားဖို့အတွက် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပြီး လာမယ့် စက်တင်ဘာလမှာ အိုက်စ်လန် လက်ရွေးစင်အသင်း၊ ဒိန်းမတ် လက်ရွေးစင်အသင်းတို့နဲ့ ကစားသွားမယ့် ယူအီအက်ဖ်အေ နေရှင်လိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် (၁၈) နှစ်အရွယ် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ (၂၀၁၉-၂၀) ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၁၇) ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူနိုက်တက်အသင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေထဲက အရေးပါတဲ့ တိုက်စစ်မှူး တစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် မန်ယူအသင်း တိုက်စစ်မှူးဟောင်း ရွန်းနီက တိုက်စစ်မှူး ရက်ချ်ဖို့ဒ် နဲ့ အေဘရာဟင်က ပင်ကိုယ် ဂိုးသွင်းကောင်းသူတွေ မဟုတ်ပေမယ့် ဂရင်းဝုဒ်ကတော့ ပင်ကိုယ် ဂိုးသွင်းကောင်းသူ ဖြစ်တယ်လို့ အခိုင်အမာ ချီးကျူးသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

The Times သတင်းမှာ ရွန်းနီက “ဂရင်းဝုဒ်က (၂၀၁၉-၂၀) မှာ ဥရော နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပြိုင်ပွဲစုံ ပွဲစဉ် (၄၀) ပွဲ ကစားခဲ့တယ်။ သူက ပင်ကိုယ် ဂိုးသွင်းကောင်း သူပါ။ ခြေနှစ်ဖက်စလုံးကို အသုံးပြုနိုင်သူပါ။ အခွင့်အရေးကို အသုံးချနိုင်သူပါ။ ဂိုးရှေ့မှာ တည်ငြိမ်သူပါ။ သူက အသက် (၁၈) နှစ်အရွယ်နဲ့ မန်ယူအသင်းမှာ အကောင်းဆုံး အဆုံးသတ်သူ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ဂိုးသွင်းမှု စွမ်းရည်ကို ပထမနေ့ကတည်းက မြင်ရပါတယ်။ ဟယ်ရီ ကိန်း နဲ့ အိုဝင်လည်း အဲဒီလို စွမ်းရည်တွေ ရှိပြီး ဒီဟာက ဂရင်းဝုဒ်နဲ့ တူပါတယ်။ ကျွန်တော် အရင်က ပြောခဲ့သလို၊ ကျွန်တော်က ပင်ကိုယ် ဂိုးသွင်းကောင်းသူ မဟုတ်ပါဘူး။ အဲဒီလို အရည်အချင်းက ရှားပါးပါတယ်။ နည်းပြ ဆောက်ဂတ်အနေနဲ့ ဟယ်ရီရဲ့ တာဝန်ကို ဆက်ခံနိုင်မယ့် သူ လိုတယ်။ ဟယ်ရီ ကိန်း ဒဏ်ရာရမယ်၊ ဒါမှမဟုတ် ပွဲပယ်ခံရမယ် ဆိုရင် သူ့ရဲ့ နေရာမှာ အစားထိုးမယ့် သူ လိုပါတယ်။ ကျွန်တော့်အတွက်တော့ ရှက်ချ်ဖို့ဒ် နဲ့ အေဘရာဟင်က ပင်ကိုယ်ဂိုးသွင်းနိုင်သူတွေ မဟုတ်ဘူးလို့ ထင်တယ်။ ဒါပေမယ့် ဂရင်းဝုဒ်က အဲဒီလို ကစားသမား ဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။