စပါးအသင်းရဲ့နည်းပြသစ် အန်တိုနီယိုကွန်တီက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲထွက်ကစားခွင့်တွေ အလွန်နည်းပါးလျက်ရှိနေတဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီကို ခေါ်ယူအားဖြည့်သွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

နည်းပြကွန်တီဟာ အင်တာမီလန်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းကတည်းက ယူနိုက်တက်အသင်းဆီကနေ လူကာကူ ဆန်းချက်ဇ် ဒါမီယန် အက်ရှ်လေယန်းတို့ကို ခေါ်ယူခဲ့ဖူးသလို နောက်ခံလူ ဘိုင်လီကို အင်တာအသင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ဖူးတာ ဖြစ်ပါတယ်။ အခု စပါးအသင်းရဲ့ နည်းပြအဖြစ် ကိုင်တွယ်နေချိန်မှာပါ စပါးအသင်းရဲ့ ခံစစ်ပိုင်းအတွက် ဘိုင်လီကို ခေါ်ယူသွားချင်နေပြီး ဘိုင်လီကလည်း ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်တွေ နည်းပါးလွန်းနေတာကြောင့် ကစားသမားကိုယ်တိုင်ကလည်း ဒီအခြေအနေအပေါ် စိတ်ပျက်လို့နေပြီး အသင်းနဲ့ပါ လက်တွဲဖြုတ်ဖို့အထိ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၂၇)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဘိုင်လီက ၂၀၁၆ခုနှစ်ကမှ ဗီလာရီးယဲလ်အသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအသင်းရဲ့ခံစစ်မှာ အသင်းခေါင်းဆောင် ဟာရီမက်ဂွိုင်းယား ရာဖယ်ဗာရန်း ဗစ်တာလင်ဒီလော့ရဲ့နောက်မှသာ ကစားရတာဖြစ်သလို ဒီနှစ်ရာသီအတွင်းမှာလည်း ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ မိနစ်ပေါင်း (၂၂၅)မိနစ်သာ ကစားထားရတာ ဖြစ်ပါတယ်။ ကွန်တီအနေနဲ့ကလည်း သူကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ ခံစစ်ပိုင်းကို ဦးစားပေး တည်ဆောက်တတ်တဲ့ နည်းပြတစ်ဦးဖြစ်ပြီး လက်ရှိ စပါးအသင်းရဲ့ ခံစစ်အစုအဖွဲ့ကို သိပ်အားမရတာကြောင့် ဘိုင်လီအပါအဝင် သူရဲ့အသင်းဟောင်း အင်တာက နောက်ခံလူတွေဖြစ်တဲ့ ရှကရီညာနဲ့ ဒီဗရိုင်းတို့ကိုပါ ပစ်မှတ်ထားလို့နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကွန်တီဟာ စပါးအသင်းကို (၃)ပွဲ ကိုင်တွယ်ထားခဲ့ရာ (၂)ပွဲနိုင် (၁)ပွဲသရေရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။