မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘူဂေးရီးယား တိုက်စစ်ကစားသမားဟောင်း ဒီမီတာဘာဘာတော့ကတေတာ့ ယူနိုက်တက်အသင်းကို ဒီနှစ်နွေရာသီစျေးကွက်အတွင်းမှ အေဂျက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမားလေး ဒွန်နီဗန်ဒီဘိခ်အနေနဲ့ အသင်းမှာ ပွဲထွက်ခွင့်တွေနည်းပါးနေရတာကြောင့် အသင်းကနေ စောစောစီးစီး ပြန်လည်ထွက်ခွာသွားမယ်ဆိုရင် သူအနေနဲ့ ဒီဖြစ်ရပ်အပေါ် ဘာမှအံ့သြနေမှာမဟုတ်ဘူးလို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နွေစျေးကွက်ကမှ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဥရောပရဲ့ အရည်အသွေးမြင့်မားလှတဲ့ ကွင်းလယ်လူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပေမယ့်လည်း ယူနိုက်တက်အသင်းမှာတော့ ပွဲထွက်ခွင့်တွေ အရမ်းနည်းပါးနေရကာ ပရီးမီးယားလိဂ်မှာဆိုရင်လည်း ဆောက်သမ်တန် ဝက်စ်ဟမ်းတို့နဲ့ပွဲတွေမှာသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကစားသမားဟောင်းကြီး ဘာဘာတော့ကတော့ “ဒွန်နီဗန်ဒိဘိခ်နဲ့ပတ်သက်ပြီး ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ကျွန်တော်မသိပါဘူး”

Photo Credit : The Sun

“အရင်တုန်းကတော့ သူ့လို ကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့တာ အသင်းအတွက် အရမ်းကောင်းတယ်။ သူ့ကိုလည်း ကျွန်တော်သဘောကျတယ်။ သူက အေဂျက်စ်နဲ့ နယ်သာလန်အသင်းတွေမှာ အကောင်းဆုံးတွေကို လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါတွေကို ပြောခဲ့တယ်။ ဒါပေမယ့် အခုကျတော့ သူက အသင်းမှာ ကစားခွင့်မရနေပါဘူး။ သူ့အတွက် ကစားခွင့်အနည်းငယ်လေးပဲ ရရှိနေတာကလည်း မလုံလောက်နိုင်ဘူးလို့ပဲ ထင်မိတယ်။ သူရဲ့ယုံကြည်မှုကို ထုတ်ဖော်ပြသနိုင်ဖို့ဆိုတာ ပွဲတွေကစားခွင့်ရဖို့လည်း လိုပါတယ်။ အခုလို အခြေအနေမျိုးမှာကတော့ သူရဲ့ယုံကြည်မှုတွေ မြင့်မားနေမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်သိနေတယ်။ ဒါကလည်း ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ အသင်းအတွက် ပွဲထွက်ခွင့်တွေ မရလာတဲ့အခါ ကိုယ့်ကိုကိုယ် မေးခွန်းတွေထုတ်မယ်။ ယုံကြည်မှုတွေ လျော့သွားမယ်။ ကိုယ့်ကိုကိုယ် အပြစ်ပေးလာမိမယ်။ တကယ်လို့ သူအနေနဲ့ ဒီနေရာကနေ ပြန်လည်ထွက်ခွာဖို့အတွက် ပြင်ဆင်နေပြီဆိုရင်တောင် ဘယ်သူကမှ သူ့ကို အပြစ်တင်မှာ မဟုတ်သလို ကျွန်တော်လည်း အံ့သြမိမှာ မဟုတ်ဘူး။ အလုပ်မှ မဖြစ်တော့တာ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ဒီနှစ်ဘောလုံးရာသီအတွင်း ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်စ် ဖရက်ဒ် တွမ်မီနေးနဲ့ ပေါ့ဘာတို့ကို ပိုမိုနေရာပေးလေ့ရှိပြီး ကစားသမားသစ် ဗန်ဒီဘိခ်ကိုတော့ ပွဲအများစုမှာ အရန်ကစားသမားအဖြစ်နဲ့ပဲ ဆက်တိုက်သုံးစွဲလို့နေပါတယ်။