မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆန်ဟာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် အနားယူနေရတာကြောင့် ယူနို်က်တက်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတဲ့အချိန်မှာ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက အသင်းရဲ့ ပင်တိုင်ဂိုးသမားအဖြစ် ဒေးဗစ်ဒဟေးယားကို ဆက်တိုက်အသုံးပြုလာခဲ့သလို ဒဟေးယားကိုယ်တိုင်ကလည်း အသင်းအတွက် လက်စွမ်းပြနေတာဖြစ်လို့ နေရာပျောက်ဖွယ်ရှိနေတဲ့ ဒင်းဟန်ဒါဆန်အနေနဲ့ လာမယ့်ဆောင်းစျေးကွက်မှာပဲ အသင်းနဲ့ လမ်းခွဲသွားဖွယ် ရှိနေပြီလို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ အငှားကစားသမားအဖြစ် (၂)ရာသီကြာ ဖြတ်သန်းပြီးနောက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၂၆)ပွဲအထိကို ပါဝင်ကစားပေးခဲ့ရသလို ဒီရာသီမှာလည်း ဒဟေးယားကို ကျော်လွန်ပြီး ယူနိုက်တက်ရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်နေလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ကိုဗစ်ကူးစက်မှုကြောင့် အနားယူနေရခဲ့ရကာ သူရဲ့နေရာလည်း ပျောက်ဆုံးသွားခဲ့ရပါတယ်။ ကိုဗစ်ကနေ ပျောက်ကင်းသွားချိန်မှာလည်း ဟန်ဒါဆန်ဟာ ယူနိုက်တက်အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခြင်းမရှိတော့ပဲ ယူနိုက်တက် ယူ-၂၃အသင်းနဲ့ (၂)ပွဲအထိ ပါဝင်ကစားခဲ့ရရင်း သူရဲ့ကြံခိုင်မှုကို ပြန်လည်တည်ဆောက်နေခဲ့ရပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဘက်ကလည်း အသင်းရဲ့ ပြည်တွင်းရှုံးထွက်ပွဲစဉ်တွေအတွင်း ဒင်းဟန်ဒါဆန်ထက် အသစ်ခေါ်ယူထားတဲ့ ဝါရင့်ဂိုးသမားကြီး တွမ်ဟီတန်ကိုသာ နေရာပေးဖွယ် ရှိနေတဲ့အတွက် ဒီအခြေအနေအပေါ် စိတ်ပျက်နေတဲ့ ဟန်ဒါဆန်က လာမယ့် ဆောင်းစျေးကွက်ထဲမှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေရပါတယ်။ ဗြိတိန်နာမည်ကြီး The Sun သတင်းစာရဲ့ ဖော်ပြချက်မှာတော့ ဟန်ဒါဆန်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်မှာ သူ့ကို ပုံမှန်ပွဲကစားခွင့် ပေးနိုင်မယ့် ကလပ်အသင်းတစ်ခုစီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းက စပိန်ဂိုးသမား ဒဟေးယားကိုပဲ အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၁)ပွဲ ဆက်တိုက်ပွဲထွက်ကစားခွင့် ပေးထားခဲ့ပြီး ပြိုင်ပွဲစုံ(၆)ပွဲမှာ Clean Sheet (၁)ပွဲသာ ရရှိထားပြီး (၆)ဂိုးအထိ ခွင့်ပြုထားခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ နောက်ဆုံးမိနစ်မှ ခွင့်ပြုပေးလိုက်ရတဲ့ ဝက်စ်ဟမ်းရဲ့ ပင်နယ်တီကန်သွင်းမှုကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။