ဒီနေ့ Super Sunday ညရဲ့ အကောင်းဆုံးသော ပွဲစဉ်အဖြစ် စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ အိမ်ရှင်ချယ်လ်ဆီးအသင်းနဲ့ ဧည့်သည်မန်ချက်စတာယူနိုက်တက်အသင်းတို့ ထိပ်တိုက်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီအသင်း(၂)သင်းက တကယ့်ကို ပြိုင်ဘက်ကောင်းတွေ ဖြစ်ကြပေမယ့် လက်ရှိမှာတော့ သောမတ်စ်တူဟယ်လ်ရဲ့ ချယ်လ်ဆီးအသင်းက အကောင်းဆုံး အနေအထားတစ်ခုမှာ ရှိနေရပြီး ယူနိုက်တက်ကတော့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ရဲ့ လက်အောက်မှာ အခုမှ ဒုတိယမြောက်ပွဲစဉ်အဖြစ် ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ များစွာရှိနေတယ် ဆိုပေမယ့်လည်း ဒီထဲကမှ ဒီပွဲံမှာ သွင်းဂိုးတစ်ဂိုး သွင်းယူရုံနဲ့ သူရဲ့ကစားသမားဘဝ သွင်းဂိုးစုစုပေါင်း ဂိုး(၈၀၀)ပြည့်သွားမယ့် မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရော်နယ်လ်ဒိုရဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုက ပြီးခဲ့တဲ့ ဗီလာရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် အရေးပါလှတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့ရင်း ယူနိုက်တက်ကို နောက်တစ်ဆင့် တတ်လှမ်းစေနိုင်ခဲ့သလို သူ့အတွက်လည်း ဂိုးပေါင်း(၈၀၀) ပြည့်မြောက်ဖို့ တစ်ဂိုးသာ လိုအပ်တော့တဲ့ အနေအထားအထိ ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၃၆)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ၂၀၀၂-၂၀၀၃ ဘောလုံးရာသီကနေစတင်ပြီး သူရဲ့စီနီယာ ဘောလုံးသမားဘဝကို စပို့တင်းလစ္စဘွန်းအသင်းမှာ စတင်နိုင်ခဲ့ကာ အဲ့ဒီနောက် ယူနိုက်တက် ရီးယဲလ်မက်ဒရစ် ဂျုဗင်တပ်စ်နဲ့ အခုနောက်ဆုံး ယူနိုက်တက်ကို တကျော့ပြန် ရောက်ရှိနေရင်း အဲ့ဒီကလပ်အသင်းတွေ အားလုံးအတွက် သွင်းဂိုးစုစုပေါင်း (၆၈၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက်ကိုလည်း (၁၁၅)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ လက်ရွေးစင်အသင်းအတွက် ဂိုးပေါင်း(၁၁၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာလည်း နိုင်ငံလက်ရွေးစင်အသင်း(အမျိုးသားအသင်း)အတွက် ဂိုးအများဆုံး သွင်းယူထားနိုင်သူအဖြစ် စံချိန်သစ်ကို တင်ရှိထားနိုင်သလို ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာပါ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့မယ်ဆိုရင်လည်း နိုင်ငံနဲ့ ကလပ်အသင်းအတွက် ဂိုးပေါင်း(၈၀၀)ဆိုတဲ့ မှတ်တိုင်တစ်ခုကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဒီနှစ်ရာသီအတွင်းမှာလည်း ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၁၀)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။