မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၃)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် မိနစ်(၉၀)အထိ ဂိုးမရှိသရေ ဖြစ်နေခဲ့ရပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ယူနိုက်တက်အသင်းရဲ့ လူစားဝင် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖိုဒ့်နဲ့ ကာဗာနီရဲ့ ပေးပို့်မှုကနေတစ်ဆင့် အဖိုးတန် အနိုင်ဂိုး ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာထိကိုပါ ယာယီတတ်လှမ်းနိုင်ခဲ့ပါတယ်။

 

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲစဉ်မှာ ပြိုင်ဘက်ဝက်စ်ဟမ်းအသင်းကို အစစအရာရာမှာ အသာစီး ရယူသွားခဲ့ပေမယ့်လည်း အသင်းတိုက်စစ်ကနေ Final Third ရောက်ရှိချိန်မှာ ဘောလုံးပေးပို့မှု အားနည်းနေတာကြောင့်ရော ဝက်စ်ဟမ်းခံစစ်က ဇူူးမား ဒေါ်ဆန်တို့ အတွဲအဖက် ခံစစ်ကစားပုံ ကျစ်လစ်နေတာကြောင့်ပါ ယူနိုက်တက် ဂိုးရဖို့ ခက်ခဲနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာ ကာဗာနီ မာစီယဲလ်တို့ကို လူစားလဲလိုက်ချိန်မှာတော့ အသင်းရဲ့တိုက်စစ်မှာ ရော်နယ်လ်ဒို ရပ်ရှ်ဖိုဒ့် ကာဗာနီ မာစီယဲလ် အတွဲအဖက်ကနေ ပွဲပြီးဆုံးခါနီးလေးမှာပဲ ဒီတိုက်စစ်တွဲလုံးကနေ ရပ်ရှ်ဖိုဒ့်က အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit : The Sun

Fergie Time လို့ တင်စားခေါ်ဆိုလေ့ရှိတဲ့ နာကျင်အချိန်ပိုမှာ သွင်းဂိုးရယူပြီး အဆင့်(၄)နေရာထိ ယာယီတတ်လှမ်းထားနိုင်ခဲ့တဲ့အပေါ် ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်ကစားသမား ရော်နယ်လ်ဒိုက အလွန်ကျေနပ်နေခဲ့ပြီး အသင်းအတွက် တကယ့်ကို အရေးပါတဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ သူရဲ့ အင်စတာဂရမ်ပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုက “ပရီးမီးယားလိဂ်ပွဲစဉ်တွေ မရပ်နားခင်လေးမှာ အရေးကြီးတဲ့ နိုင်ပွဲတစ်ပွဲ ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါက ကျွန်တော်တို့ရဲ့ ပန်းတိုင်ဆီသွားဖို့ နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်နိုင်တာပါ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဆီကို သွားရတဲ့ ခရီးလမ်းက ကြမ်းတမ်းပြီးတော့ အခက်အခဲတွေနဲ့ ပြည့်နက်နေရတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို အားပေးနေတဲ့ ပရိသတ်တွေ ဂုဏ်ယူရအောင် ကျွန်တော်တို့ အသင်းဖော်တွေ အတူတကွ ကြိုးစားပမ်းစား လုပ်ကိုင်ကြရပါမယ်။ ကြိုးစားလုပ်ကိုင်ရအောင် သရဲနီတွေ” လို့ ကြွေးကြော် ရေးသားသွားခဲ့ပါတယ်။ အခုလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်နွဲနေရတဲ့ ပြိုင်ဘက်ကို အနိုင်ယူခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ဖေဖော်ဝါရီလမှသာ နောက်ထပ်ပွဲစဉ်တစ်ပွဲအဖြစ် ချန်ပီယံရှစ်က မစ်ဒယ်ဘရော့အသင်းနဲ့ အက်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ကို ဆင်နွဲရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ဘန်လေ ဆောက်သမ်တန် လိဒ်စ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ယှဉ်ပြိုင်ပြီး ဖေဖော်ဝါရီ(၂၄)မှာ အသက်လက်တီကိုနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်ကို ဆင်နွဲသွားရမှာ ဖြစ်ပါတယ်။