ဘရူနိုဖာနန်ဒက်စ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လာခြင်းကောင်းတဲ့ ရတနာတစ်ပါးလိုတောင် တင်စားရမလိုပါပဲ။ ယူနိုက်တက်အသင်းဆီကို စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့ပြီးနောက်မှာ ယူနိုက်တက်လည်း ပြိုင်ပွဲစုံမှာ ရှံးပွဲမရှိခဲ့တာ အခုဆိုရင် ၁၁ပွဲအထိတောင် ရှိလာခဲ့ရပါပြီ။ ဒါက ယူနိုက်တက်နည်းပြဆိုးလ်ရှားအတွက်တော့ သူရဲ့ယခင်စံချိန်ဟောင်းကို ပြန်လည်လိုက်မှီနိုင်ခဲ့တာဖြစ်သလို အသင်းကလည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆင်နွဲရဖို့အတွက် လမ်းကြောင်းမှန်ပေါ် ပြန်လည်တတ်လာနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပွဲတိုင်းနီးပါး ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး၃ဂိုးနဲ့ ဂိုးဖန်တီးမှု၅ကြိမ်အထိကို လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့ထားနိုင်တဲ့ ဖာနန်ဒက်စ်ဟာ သူရဲ့ကစားသမားဘဝ ပထမဆုံးသော မန်ချက်စတာဒါဘီပွဲကို ဆင်နွဲတုန်းက သူရဲ့ဂိုးဖန်တီးမှုတစ်ချက်နဲ့ မာစီယဲလ်ရဲ့အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို အဲ့ဒီပွဲအတွင်းမှာလည်း မန်စီးတီးအသင်းရဲ့နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာနဲ့လည်း အချင်းများခဲ့ပါသေးတယ်။

Photo Credit : Daily Express

မန်ချက်စတာဒါဘီပွဲအတွင်းမှာ ဖာနန်ဒက်စ်နဲ့ ဂွာဒီယိုလာဟာ အနည်းငယ်စကားများတဲ့ပုံစံလိုဖြစ်ခဲ့ပြီး ဖာနန်ဒက်စ်ဘက်ကနေ တိတ်တိတ်နေဆိုတဲ့ လက်ဟန်ခြေဟန်မျိုးကိုပါ လုပ်ဆောင်သွားခဲ့ပါတယ်။ အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ ဖာနန်ဒက်စ်က “ကျွန်တော်ဒီကိစ္စကို ကျွန်တော့်မိတ်ဆွေတွေဆီ ပြောပြထားခဲ့ပါတယ်။ တချို့တွေကတော့ ထင်ကောင်းထင်ကြမှာပေါ့။ ပတ်က အရာအားလုံး ရယူထားခဲ့သူ။ အောင်မြင်မှုတွေ အများကြီးရယူထားတဲ့သူ။ ဘရူနိုဆိုတာ ဘာကောင်မို့လို့လဲဆိုပြီး။ ဒါပေမယ့် အခုကိစ္စကတော့ လေးစားမှုနဲ့ပဲဆိုင်တာပါ။ ကျွန်တော်ပတ်အပေါ်မှာ လေးစားမှုအပြည့်ရှိတယ်။ သူရဲ့အောင်မြင်မှုတွေ ဘောလုံးလောကအတွင်းမှာ သူစွမ်းဆောင်ထားနိုင်ခဲ့တာတွေအားလုံးကို လေးစားအားကျပါတယ်။ ဒါပေမယ့် သူက ဘောလုံးပွဲတွေအတွင်းမှာဆိုရင် စိတ်နေစိတ်ထားတွေက ပြောင်းလဲလို့နေတယ်။ ဒီအဖြစ်အပျက်မှာလည်း သူကျွန်တော့်အပေါ် လေးစားမှုကင်းမဲ့စွာ ပြုလုပ်ခဲ့တာပါ။ ဆိုတော့ သူအနေနဲ့လည်း အဲ့ဒီအချိန်မှာ ကျွန်တော့်ဆီကနေ ဘာလေးစားမှုကိုမှ ပြန်မျှော်လင့်နေလို့လည်း ရမှာမဟုတ်ဘူးလေ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။