ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ ဆီဗီလာအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီမာစီယဲလ်ကို သူငယ်စဉ်လေးကတည်းက နှစ်သက်သဘောကျခဲ့ပြီး လေးစားအားကျခဲ့ရတဲ့ သူရဲ့Idol ရော်နယ်လ်ဒိုနာဇာရီယိုက ဗီဒီယိုရုပ်သံကနေ ကြိုဆိုမှု ပြုလုပ်ခဲ့ပြီး ဆီဗီလာမှာ အောင်မြင်မှု ရယူနိုင်ဖို့ကိုလည်း ဆုတောင်းပေးသွားခဲ့ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြဖို့နဲ့ ပုံမှန်ပွဲကစားခွင့်တွေ ရရှိဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ ဆီဗီလာအသင်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး မနေ့ကပဲ အသင်းပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အသင်းကို ရောက်ရှိလာခဲ့တဲ့ မာစီယဲလ်ကို ဆီဗီလာအသင်း တာဝန်ရှိသူတွေက အသင်းရဲ့ အိမ်ကွင်းအတွင်း ခေါ်ဆောင်သွားပြီး အသင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ရှင်းပြနေရင်း မာစီယဲလ်ရဲ့ Idol ကြီး ဖြစ်ခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုနာဇာရီယိုက ကွင်းအတွင်းရှိ ဖန်သားပြင်ပေါ်မှာ ပေါ်လာခဲ့ပြီး မာစီယဲလ်ကို ကြိုဆိုတဲ့ စကားတွေ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

ရော်နယ်လ်ဒိုကြီးက “ဟယ်လို မာစီယဲလ်။ ဘယ်လိုနေလဲ အဆင်ပြေလား။ လာလီဂါနဲ့ ဆီဗီလာအသင်းတို့ကနေ ကြိုဆိုပါတယ်။ ဒီအသင်းက လာလီဂါနဲ့ ဥရောပမှာ ကလပ်အအသင်းကြီး တစ်ခုပါ။ သူတို့မှာ မယုံနိုင်စရာကောင်းတဲ့ အသင်းပရိသတ်တွေရှိပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ မြို့မှာ ကစားရတာပါ။ ဒါကြောင့် အားလုံးပဲ အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ငါ မင်းအတွက် ဆုတောင်းပေးပါတယ်။ မကြာခင်မှာ ငါ မင်းနဲ့ ဆုံရမယ်လို့လည်း မျှော်လင့်ပါတယ်။ ပွေ့ဖက်မှုကြီးနဲ့ကို ကြိုဆိုပါတယ်ကွာ။ ကံကောင်းပါစေ” လို့ စပိန်ဘာသာစကားနဲ့ မာစီယဲလ်ကို ကြိုဆိုမှု ပြုလုပ်သွားခဲ့တယ်။ ဒိုကြီးလို့ လူသိများတဲ့ ရော်နယ်လ်ဒိုဟာ စပိန်လာလီဂါရဲ့ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး လာလီဂါပွဲပေါင်း (၁၆၄)ပွဲအထိ ပါဝင်ခဲ့ကာ လာလီဂါသွင်းဂိုး (၁၁၇)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လာလီဂါချန်ပီယံ တစ်ကြိမ်ရယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ စပိန်ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ရီးယဲလ်ဗယ်လာဒိုးလစ်အသင်းရဲ့ အသင်းပိုင်ရှင် ဖြစ်လို့နေပြီး သူရဲ့အသင်းက လတ်တလော စပိန်ပထမတန်းမှာ အဆင့်(၃)နေရာကို ရောက်ရှိနေတာဖြစ်လို့ လာလီဂါပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းလာနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။