ရိုးမားအသင်းကို ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်အောင် ပို့ဆောင်ထားခဲ့တဲ့ နည်းပြကြီး ဂျိုဆေးမော်ရင်ဟိုဟာ လာမယ့်ရာသီမှာ သူရဲ့ရိုးမားအသင်းကို ပိုမိုတောင့်တင်းနေစေဖို့အတွက် စျေးကွက်ဖွင့်လှစ်ချိန်မှာ ကစားသမားသစ် ဖြည့်တင်းမှုအဖြစ် သူရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံကစားသမား အာရွန်ဝမ်ဘစ်ဆာခါကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

ချယ်လ်ဆီး ယူနိုက်တက် စပါးအသင်းတို့ရဲ့ နည်းပြဟောင်းကြီး ဖြစ်ခဲ့တဲ့ မော်ရင်ဟိုဟာ ရိုးမားအသင်းနည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့နှစ်မှာပဲ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးရဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို ရိုးမားဆီ ခေါ်ဆောင်ခဲ့ပြီး အေဘရာဟမ်ကိုလည်း ဒီရာသီမှာ အကောင်းဆုံး တောက်ပလာနိုင်အောင် ပံ့ပိုးပေးထားနိုင်ခဲ့ပါတယ်။ အခုလည်း မော်ရင်ဟိုက သူရဲ့နောက်ထပ် အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ယူနိုက်တက်ရဲ့ နောက်ခံအစွန်လူ ဘစ်ဆာခါကိုပါ ထပ်မံခေါ်ယူသွားဖို့အထိပါ စီစဉ်နေပြီလို့ သိရပါတယ်။

Man Utd defender Aaron Wan-Bissaka is wanted by Jose Mourinho for Roma

Photo Credit : The Sun

အသက်(၂၄)နှစ်အရွှယ် အင်္ဂလန်ညာနောက်ခံလူ ဝမ်ဘစ်ဆာခါဟာ ၂၀၁၉ခုနှစ်ကမှ ခရစ္စတယ်ပဲလေ့စ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၃)ရာသီ ဖြတ်သန်းလာခဲ့သလို ပွဲပေါင်း (၁၂၆)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီအတွင်း ဘစ်ဆာခါရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်တွေ ကျဆင်းလာခဲ့တာကြောင့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်လာခဲ့ရပြီး ယူနိုက်တက်ရဲ့ ညာခြမ်းခံစစ်မှာလည်း သူရဲ့အသင်းဖော် ဒါလော့က နေရာပိုရလာသလို လာမယ့်ဘောလုံးရာသီမှာ အသင်းကို စတင်ကိုင်တွယ်တော့မယ့် နည်းပြသစ် တန်ဟက်ဂ်လက်အောက်မှာပါ နေရာရဖို့ မရေရာသေးပဲ ဖြစ်နေရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေရတဲ့ ဘစ်ဆာခါကို သူ့အသင်းဟောင်းဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်က ပြန်လည်ခေါ်ယူသွားဖို့ စီစဉ်နေသလို နည်းပြမော်ရင်ဟိုကပါ သူရဲ့ရိုးမားအသင်းအတွက် ဘစ်ဆာခါကို အလိုရှိလာခဲ့တာကြောင့် အပြိုင်ကမ်းလှမ်းမှုတွေ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ တကယ်လို့ ဘစ်ဆာခါသာ ရိုးမားကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ရိုးမားရဲ့ခံစစ်မှာ ယူနိုက်တက် ကစားသမားဟောင်း စမောလင်းနဲ့ တွဲဖက်ကစားရမှာ ဖြစ်သလို တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ အေဘရာဟမ်နဲ့လည်း တစ်သင်းတည်းမှာ ပူးပေါင်းရတော့မှာ ဖြစ်ပါတယ်။