ပရီးမီးယားလိဂ် အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ဟာ အီတလီ စီးရီးအေ နာမည်ကြီး အသင်းဖြစ်တဲ့ ဖီအိုရင်တီးနား အသင်းရဲ့ ခံစစ်မှူး မီလန်ကိုဗစ်ကို ခေါ်ယူဖို့ ချဉ်းကပ် နေကြကြောင်း မီလန်ကိုဗစ်ရဲ့ အေးဂျင့်ဖြစ်သူက အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား ခံစစ်မှူး မီလန်ကိုဗစ်ဟာ ဖီအိုရင်တီးနား အသင်းရဲ့ အဓိက ခံစစ်မှူး တစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၈ပွဲအထိ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၁ဂိုး သွင်းယူ ထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် ထားနိုင်သူပါ။

Photo Credit: Sports Witness

မန်ယူအသင်းနဲ့ စပါးအသင်းတို့ဟာ မီလန်ကိုဗစ်ကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ ထဲက စိတ်ဝင်စားခဲ့တဲ့ အသင်းတွေ ဖြစ်ကြပြီး လက်ရှိမှာ မီလန်ကိုဗစ်ကို ခေါ်ယူဖို့ မဖြစ်နိုင်သေးပေမယ့် ချိတ်ဆက်မှုတွေ အဆက်မပြတ် ပြုလုပ်နေကြောင်း အေးဂျင့်အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ LIAN Sports Groupရဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသွားပါတယ်။ ဒါ့အပြင် အဆိုပါ တာဝန်ရှိသူက မီလန်ကိုဗစ် အနေနဲ့ ဖီအိုရင်တီးနား အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင်နေခြင်း မရှိသလို လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ အသင်းပြောင်းဖွယ် ရှိကြောင်း ဖွင့်ဟ ပြောကြား သွားပါတယ်။

Photo Credit: Sports Witness

မီလန်ကိုဗစ်ဟာ ဖီအိုရင်တီးနား အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ တာဆူနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေကလည်း ဖော်ပြ ထားကြပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sports Witness သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖီအိုရင်တီးနား အသင်းဟာ မီလန်ကိုဗစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း အလိုရှိနေပြီး စပါးအသင်းဟာ ဆွမ်ဆီးအသင်းရဲ့ နောက်ခံလူ ရွန်ဒွန်ကို ခေါ်ယူခဲ့တာကြောင့် မီလန်ကိုဗစ်ဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် မဟုတ်တော့ပဲ မန်ယူအသင်းကတော့ မီလန်ကိုဗစ်ကို ခေါ်ယူဖို့ အတွက် အဓိက ကြိုးစားလာဖွယ် ရှိကြောင်း သိရပါတယ်။