ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ဟာ ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဂျွန်စတုန်းကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အသီးသီး ဖော်ပြသွားခဲ့ကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဂျွန်စတုန်းဟာ သူ့ရဲ့ကလပ် ဝက်စ်ဘရွန်းနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေသလို ဝက်စ်ဘရွန်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း ငြင်းဆန်ထားသူ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့က သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

Photo Credit: Sky Sports

ဂျွန်စတုန်းဟာ ဝက်စ်ဘရွန်းနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေရသူ ဖြစ်ပေမယ့် လက်စွမ်းလက်စ ကောင်းမွန်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ဝက်စ်ဘရွန်း အတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးထားရာ ပေးဂိုး ၃၃ဂိုးသာ ခွင့်ပြုပေးထားရသလို ၁၅ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ပြထားနိုင်တဲ့ ဂိုးသမား တဦးပဲ ဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့က ဂျွန်စတုန်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က အသင်းနဲ့ အနာဂတ် မရေရာတော့တဲ့ အရန်ဂိုးသမား ဟန်ဒါဆန်ရဲ့ နေရာအတွက် ဂျွန်စတုန်းကို ခေါ်ယူချင်နေတာ ဖြစ်သလို စပါးအသင်းကလည်း အသက်အရွယ် ရလာတဲ့ နံပါတ်တစ် ဂိုးသမား လိုရစ်ရဲ့ အရန်ဂိုးသမားနေရာ အတွက် ဂျွန်စတုန်းကို မျက်စိကျနေတာပါ။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ စပါးရဲ့ တာဝန်ရှိသူတွေက ဂျွန်စတုန်းရဲ့ အပြောင်းအရွှေ့ အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဂျွန်စတုန်းက သူ့ကို ပွဲထွက်ခွင့် ပိုမို ပေးနိုင်မယ့် အသင်းဆီသာ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။