ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ဟာ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းက ရောင်းချဖို့ အတွက် ပြင်ဆင်နေတဲ့ တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတယ် လို့ အီတလီ သတင်းစာတွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ အီတလီ စီးရီးအေ အင်အားကြီး အသင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းဟာ နည်းပြအပြောင်းအလဲ မပြုလုပ်မီမှာ ဒိုင်ဘာလာကို စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင်ခဲ့ပေမယ့် နည်းပြဆာရီရဲ့ နေရာမှာ ပီယာလိုကို အစားထိုးခဲ့ပြီး နောက်မှာတော့ စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းခဲ့သလို ဒိုင်ဘာလာကိုလည်း ကမ်းလှမ်း လာတဲ့ အသင်းတွေ ရှိပါက ရောင်းချသွားဖို့ ပြင်ဆင် နေပါတယ်။

Photo Credit: Goal

အသက်၂၆နှစ်အရွယ် တိုက်စစ်မှူး ဒိုင်ဘာလာ ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ် အသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး ၂၀၁၉ – ၂၀၂၀ စီးရီးအေ ပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားတဲ့သူပါ။ ဒါပေမယ့် ဂျူဗင်တပ်အသင်း ကတော့ ဒိုင်ဘာလာကို အသင်းကနေ ရောင်းချသွားဖို့ ပြင်ဆင်နေပြီး ယခု နွေအပြောင်းအရွှေ့ အတွင်းမှာ ဒိုင်ဘာလာအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တစ်ခုကို ရရှိခဲ့ပါက လက်ခံ စဉ်းစားသွားမယ် လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒိုင်ဘာလာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ဟာ စိတ်ဝင်စားနေကြတယ် လို့ အီတလီရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Gazetta Dello Sport က ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းနဲ့ စပါးအသင်းတို့ဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာလည်း ဒိုင်ဘာလာကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်ကြပြီး အဆိုပါ အချိန်တုန်းက ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်း ကနေ မထွက်ခွာလိုတာကြောင့် ဆွေးနွေးမှုတွေဟာ ပျက်ပြယ်ခဲ့ရတာပါ။ လက်ရှိမှာတော့ ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းရဲ့ လုပ်ရပ်တွေအပေါ် စိတ်ပျက်နေပြီ လို့ တူရင်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိထားရပြီး မန်ယူအသင်းနဲ့ စပါးအသင်းတို့က သာ ထပ်မံ ကမ်းလှမ်းလာခဲ့ပါက ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ် လို့ သိရှိရပါတယ်။ ဥရောပရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကလည်း ဒိုင်ဘာလာဟာ ယခု နွေစျေးကွက် အတွင်းမှာ ဂျူဗင်တပ်အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေပြီး စပါးအသင်းထက် စာရင် မန်ယူအသင်းဟာ ဒိုင်ဘာလာကို ခေါ်ယူဖို့ ပိုမို အခွင့်အလမ်း များနေတယ်လို့ သုံးသပ်ထားကြပါတယ်။