စပိန်နိုင်ငံရဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ El Nacional ကနေ ဖော်ပြလာချက်များအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ နေရာတစ်နေရာ ရရှိဖို့ရော ခြေစွမ်းကောင်းတွေ ပြသဖို့ပါ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းတစ်ဦးဖြစ်သူ အီဒင်ဟာဇက်ကို ခေါ်ယူသွားဖို့ အခွင့်အရေးတွေ ရှိနေပေမယ့်လည်း ယူနိုက်တက်ဘက်က ဒီအခွင့်အရေးကို ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Football London

အသက်(၃၀)အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၄၆)သန်း(အပိုဆုကြေး အပါအဝင်)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့သလို တစ်ပတ်ကိုလည်း ပေါင်(၄)သိန်းအထိကို ရရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာဇက်ဟာ အသင်းနဲ့ (၂)နှစ်အထိ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ဒဏ်ရာပြသာနာများစွာနဲ့ ရုန်းကန်နေရခဲ့ပြီး (၂)ရာသီအတွင်းမှာ အသင်းအတွက် သွင်းဂိုးပေါင်း (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း ဟာဇက်က ရီးယဲလ်အသင်းအတွက် ပွဲပေါင်း(၁၀)ပွဲ ပါဝင်ထားခဲ့ရပြီး (၅)ပွဲကိုသာ ပွဲထွက်ကစားခဲ့ရပြီး သွင်းဂိုးတစ်ဂိုးမှ မသွင်းယူထားနိုင်ပဲ ဂိုးဖန်တီးမှု တစ်ကြိမ်သာ ရှိနေပါသေးတယ်။

Photo Credit : Tribuna

ဟာဇက်က ရီးယဲလ်အသင်းရဲ့ လက်ရှိနည်းပြဖြစ်သူ ကားလို့အန်စလော့တီ လက်အောက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပြီး အန်စလော့တီကိုယ်တိုင်ကလည်း ဟာဇက်ထက် ဘရာဇီးလ်ကစားသမားတွေဖြစ်တဲ့ ဗင်နီစီယပ်စ် ရိုဒရီဂိုတို့ကို အသင်းမှာ နေရာပိုပေးချင်နေတာကြောင့် ဟာဇက်ကိုယ်တိုင် အသင်းနဲ့ လမ်းလွဲချင်နေသလို ရီးယဲလ်ဘက်ကလည်း ဟာဇက်လို လစာမြင့်မားလှတဲ့ ကစားသမားမျိုးကို ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားချင်နေပါတယ်။ ဒါကြောင့် ရီးယဲလ်အသင်းက ဟာဇက်ကို ရောင်းချဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဆီကို ဆက်သွယ်ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်အသင်းဘက်က ဟာဇက်ကို ခေါ်ယူဖို့ စိတ်မဝင်စားတာကြောင့် ပယ်ချသွားခဲ့ပါတယ်။ ဒါပေမယ့် ဟာဇက်ကို ပရီးမီးယားလိဂ်က ကလပ်အသင်းတွေများစွာ စိတ်ဝင်စားလို့နေကြပြီး ဒီထဲမှာ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတွေက ထိပ်ဆုံးကနေ ပါဝင်လျက်ရှိနေတယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြလို့ထားတာကြောင့် လာမယ့် ဇန်နဝါရီမှာပဲ ဟာဇက်ကို ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းမှာ ပြန်လည်မြင်တွေ့ရလာနိုင်ပါတယ်။